စစ်အာဏာရှင် အလိုမရှိကြောင်း မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ဒီနေ့မနက် ဆန္ဒပြပွဲမှာ ကျန်းမာရေး၊ ပညာရေး၊ ဆည်မြောင်း၊ မီးရထား စတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ရာချီပါဝင်လာကြတယ်လို့ သိရပါတယ်။
အင်အား ထောင်ပေါင်းများစွာက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီး ၁၀ နာရီ ၄၅ မိနစ်မှာ အေးချမ်းစွာ ပြီးဆုံးခဲ့ပါတယ်။
“လူအင်အားကတော့ မရေမတွက်နိုင်အောင် များသလို ဆိုင်ကယ်အစီး ၃၅၀ ကျော်နဲ့ မြို့ပေါ်ရော နယ်ကပါ ပါဝင်ကြတယ်” လို့ ဆန္ဒပြသူတဦး ပြောပါတယ်။
ပြည်သူ့အာဏာပြန်လည်ရရှိရေး၊ ပြည်သူ့အစိုးရ အမြန်ပြန်ရရေး၊ ဆက်လက်ဆန္ဒထုတ်ဖော်သွားမယ်လို့ ကြာကန်ရွာက မဲဆန္ဒရှင်တစ်ဦးက ပြောပါတယ်။
နွားထိုးကြီးမှာ ဖေဖော်ဝါရီ ၈ ရက် ဆန္ဒပြပွဲချက် ဒီနေ့ အင်အားပိုမိုများပြားလာပြီး ဌာနအတော်များများ ပူးပေါင်းပါဝင်လာကြတာလို့ သိရပါတယ်။
ဇာဇာမောင်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က အစိုးရဌာနဆိုင်ရာဝန်ထမ်းများကို ဒီနေ့မနက်က စလို့ စစ်တပ်၏ အာဏာသိမ်းမှုအပေါ် သဘောတူ ထောက်ခံကြောင်း လက်မှတ်ထိုးခိုင်းနေတယ်လို့ ကာယကံရှင်ဝန်ထမ်းအချို့ဆီက သိရပါတယ်။
အခုလို လက်မှတ်ထိုးခိုင်းတာကို ဝန်ထမ်းအများစုက လက်မခံသဖြင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းလိုက်နာပါဆိုပြီး ထပ်မံညွှန်ကြားခဲ့တယ်လို့ သံတောင်ကြီးမြို့နယ်ရှိ ဌာနတခုမှ လက်ထောက်ညွှန်ကြားရေးမှူးတဦးက ပြောပါတယ်။
စစ်အာဏာရှင်အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြဖော်ထုတ်ပွဲတွေကို ရန်ကုန်တိုင်း အပါအဝင် နိုင်ငံတဝန်း မြို့တွေမှာ ကျင်းပနေကြတာ ဒီနေ့နဲ့ဆို ၂ ရက်ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။