ညွှန်ကြား

November 25, 2017

ငပလီမြို့ အများပိုင်မြေပေါ်မှ ဈေးဆိုင်ခန်းများ ဖယ်ရှားပေးရန် သက်ဆိုင်ရာ ညွှန်ကြား

ရခိုင်ပြည်နယ်၊ ငပလီမြို့ အများပြည်သူ အပန်းဖြေ Public နေရာမှာ ကိုယ်ကျိုးအတွက် ဆိုင်းခန်းတွေ ဆောက်လုပ်ရောင်းနေမှုကို ဒီလ ၃၀ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ သက်ဆိုင်ရာကညွန်ကြားလိုက်ပါတယ်။ ငပလီကမ်းခြေကို မူလရည်ရွယ်ချက်အတိုင်း Public မြေဧရိယာအဖြစ်ထားရှိ သွားရန်နဲ့ ဆိုင်ခန်းဆောက်လုပ် ငှါးရမ်း ရောင်းချနေတာတွေ အားလုံးကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဖယ်ရှားသွားဖို့ ဆုံးဖြတ်လိုက်တာလို့ ငပလီမြို့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။ ငပလီမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူလှိုင်က “ပြည်နယ်အစိုးရရဲ့ သဘောတူခွင့်ပြုချက်နဲ့ ဆောက်ထားတာ မဟုတ်သလို ကျနော်တို့ အောက်ခြေပိုင်းက သဘောတူပြီး ခွင့်ပြုထားတာလည်း မဟုတ်ပါဘူး။ ဒါကတော့ ကျနော်တို့ရှင်းပါတယ်။ အဲဒီနေရာကို ဖယ်ရှားပြီးတော့ မှုလအတိုင်း Public နေရာအဖြစ်ထားရှိဖို့နဲ့ ဆိုင်းခန်းတွေကို လုပ်ထုံးလုပ်နည်း အတိုင်းဖယ်ရှား သွားရန် ဆိုပြီးတော့ ပြည်နယ် အစည်းအဝေးမှတ်တမ်းချမှတ်လိုက်တယ်။” လို့ ပြောပါတယ်။ ဒေသခံတွေကလည်း အခုနေရာကို အများပြည်သူပိုင်ဆိုင်တဲ့ Public နေရာအဖြစ် ပြောင်းလဲစေချင်နေကြပါတယ်။ သံတွဲခရိုင်တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးညီလေးက “Public မြေဧရိယာဆိုတာ အများပြည်သူတွေ အတွက်တကယ်လိုအပ်နေတဲ့ မြေဧရိယာဖြစ်ပါတယ်။ ဒီဧရိယာ ထဲမှာ အခုလိုပေါ့။ ဈေးဆိုင်းခန်းတွေ ဆောက်တယ်။ ဒေသအတွက်ဖွံဖြိုးမှုအလုပ်တွေ မလုပ်ဘဲနဲ့ ကိုယ်ကျိုးအတွက် အလုပ်လုပ်နေတဲ့ စီးပွားရေး သမားတွေကြောင့် ကျနော်တို့ ဒီအခြေအနေအထိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကပါ။ ထုတ်ပြန်ရတဲ့အထိ ဖြစ်လာတယ်။ အားလုံးပွင့်လင်းမြင်သာစွာ ချပြနေတဲ့ ပြည်သူ့ သဘောထားလုပ်လုပ်နေတဲ့အချိန်ပါ။” ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက်အတွင်းရှိ ငပလီကမ်းခြေ Public မြေဧရိယာမှာ လူအများဆုံး ၀င်ထွက်သွားလာ အနားယူအပန်းဖြေနေသော မြေဧရိယာဖြစ်ပါတယ်။ ငပလီမြို့ဒေသခံတဦးဖြစ်တဲ့ ဦးကိုလေးက “Public ဧရိယာဆိုလို့ ဒီတနေရာပဲရှိတယ်။ ရှိတဲ့နေရာကိုလည်း ကြည့်လိုက်ဦး၊ ပေ ၁၀၀ ပတ်ဝန်းကျင်လောက်ပဲ ရှိတယ်။ သင်္ကြန်တို့ အခါကြီးရက်ကြီးတွေမှာ လာလည်တဲ့ ဧည့်သည်တွေဆိုရင်  ပေ ၁၀၀ လောက်လုံလောက်မှု လုံးဝမရှိဘူး။ ကမ်းခြေတက်မယ်၊ ပြန်လာမယ်။ ရေချိုးမယ်၊ အနားယူမယ်ဆိုရင် အဲဒီအချိန်မှာ သူတို့က ဘာလုပ်လိုက်လဲဆိုတော့ ဒီလောက်ကျဉ်းကျဉ်းလေး ရတဲ့မြေကို တဝက်ကျော်ကျော်လောက်ကို ခြံခတ်ပြီးတော့ ဆိုင်ခန်းတွေဖွင့်တယ်။ ဆိုင်ခန်းလုပ်မယ်ဆိုတော့ ရောင်းစားမယ်ဗျာ။ ငှားစားမယ်ပေါ့ဗျာ”လို့ ပြောပါတယ်။ အဲဒီမြေနေရာတွေကို ငပလီမြို့ စည်ပင်ဥက္ကဋ္ဌ ဦးစောလွင်က ဦးစီးပြီး ခြံစည်းရိုးကာရံခြင်း၊ ဈေးဆိုင်ခန်းမှ ငွေကောက်ခံ စီးပွားရှာနေတဲ့အတွက် တားဆီးအရေးယူပေးပါဖို့ တင်ပြခဲ့ကြပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က public ဧရိယာအဖြစ်ထားရှိဖို့နဲ့ ဆိုင်းခန်းဆောက်လုပ်နေတာတွေကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီ ဖယ်ရှားထားဖို့ ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကွင်းဟာ အရှည် ၁၉၀ အနံ ၁၂၅ ပေ ရှိပြီးတော့ အဲဒီမှာ ကလေးအားကစားကွင်း၊ ဘောလီဘော စတဲ့ ယခင်က ကစားကွင်းတခုဖြစ်ခဲ့ပါတယ်။ အများပြည်သူပိုင်ဆိုင်တဲ့ မြေဧရိယာကို ကိုယ်ကျိုးအတွက် ငှားရမ်း ရောင်းစားထားလို့ အရေးယူပေးဖို့နဲ့ ဖျက်သိမ်းပေးဖို့ကို ၂၀၁၇ မတ်လ ၂၄ ရက် ငပလီမြို့ဒေသခံ ဆန္ဒထုတ် ဖော်ခဲ့ပါသေးတယ်။
4 years Ago

September 16, 2017

မော်လမြိုင်ရှိ ဟိုတယ်များတွင် သမီးရည်းစားများအား တည်းခိုခွင့်မပြုရန် ညွှန်ကြား

မော်လမြိုင်မြို့ရှိ ဟိုတယ်များတွင် စီစီတီဗွီတပ်ဆင်ဖို့နဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေဖို့ သမီးရည်းစားစုံတွဲတွေအပြင် ခရီးသွားဧည့်သည်တွေကို ခေတ္တတည်းခိုခွင့်မပြုဖို့ မော်လမြိုင်မြို့က ငွေမိုးဟိုတယ်အပါအ၀င် ဟိုတယ်လုပ်ငန်းရှင် ၄၀ ကျော်ကို ညွှန်ကြားထားကြောင်း မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ ဟိုတယ်မှာ အချိန်ပိုင်းလာရောက်တည်းခိုသူတွေဆီက အထောက်အထား (သို့မဟုတ်)နိုင်ငံသားစိစစ်ရေးကတ်ပြားကို သေချာစွာစိစစ်ပေးဖို့နဲ့ သမီးရည်းစားစုံတွဲတွေအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေရေး၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ရောင်းဝယ်ခြင်းတွေကို တားဆီးနိုင်ဖို့အတွက် ညွှန်ကြားထားတာလို့ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။ “ခဏတာတည်းခိုခွင့် မပြုဘူး။ လာရင်လည်း မှတ်ပုံတင်ပါမှ လက်ခံရမယ်၊ လူငယ်စုံတွဲလမ်းမှားပေါ်မရောက်ဖို့၊ အရွယ်မတိုင်ခင်မှာ မလိုလားအပ်တဲ့ ရောဂါဆိုးတွေ၊ ကိုယ်ဝန်တွေလည်း ရနိုင်တယ်” လို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။ ဟိုတယ်အခန်းတွေမှာ စီစီတီဗွီတပ်ဆင်ဖို့ ညွှန်ကြားထားတယ်လို့ ကောလာဟလ တွေထွက်ပေါ်နေပြီး ဟိုတယ်ပတ်ဝန်းကျင်ကိုသာ တပ်ဆင်ဖို့ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်ဦးက ဆက်ပြောပါတယ်။ “ဟိုတယ်နဲ့ တည်ခိုခန်းလုပ်ငန်းရှင်တွေ ဘက်ကတော့ အချိန်ပိုင်းတည်းခိုမှုကို အားလုံး လက်မခံဘူးဆိုရင် သူတို့လည်း လက်မခံဘူးပေါ့၊ တယောက်က လက်ခံပြီး တခြားလူက လက်မခံဘူးဆိုရင်တော့ စီးပွားရေးအဆင်မပြေနိုင်ဘူးလို့ပြောတယ်” လို့ ဆက်ပြောပါတယ်။ မော်လမြိုင့်မြို့ရှိ ငွေမိုးဟိုတယ်မှ ဟိုတယ်မန်နေဂျာ ဒေါ်နေမျိုးနွယ်က “အစ်မတို့ ဟိုတယ်က စီစီတီဗွီ နဂိုကတည်းက တပ်ဆင်ပြီးသားပါ၊ အချိန်ပိုင်းတည်းခိုမှုကိုလည်း အစ်မတို့ဆီမှာ လက်မခံထားပါဘူး၊ အစ်မတို့ မိသားစုတွေ၊ ကော်ပိုရေးရှင်းတွေ၊ နိုင်ခြားသားဧည့်သည်တွေနဲ့ လူကြီးလူကောင်းတွေအတွက်ကို ရည်ရွယ်ထားတော့ အချိန်ပိုင်းတည်းခိုခွင့် မပြုထားပါဘူး၊ နဂိုကတည်းက လုပ်ဆောင်ပြီးသားဖြစ်တဲ့အတွက် အစ်မတို့မှာ အခက်အခဲ မရှိပါဘူး၊ နဂိုကတည်းက လူငယ်စုံတွဲတွေ အချိန်ပိုင်းတည်းခိုတာကို လက်မခံထားပါဘူး” လို့ ပြောပါတယ်။ လုပ်ငန်းရှင်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက သြဂုတ် ၃၁ ရက် ကတည်းက အသိပေးထားပြီးဖြစ်တဲ့အတွက် လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ “ကျနော်တို့က တည်းခိုခန်းတွေကို ကြီးကြပ်တယ်၊ လိုက်စစ်တဲ့အဆင့်ထိတော့ မရောက်သေးဘူး၊ ပြောထားတဲ့အဆင့်ပဲ ရှိသေးတယ်၊ စစ်မယ်ဆိုရင်လည်း စုပေါင်းအဖွဲ့ အုပ်စုဖွဲ့နဲ့ စစ်မှရမယ်” လို့ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီက ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောပါတယ်။ မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းအထိ စာရင်းများအရ ဟိုတည်နဲ့ တည်းခိုးခန်း ၄၉ လုံးအထိရှိလာပြီး အခန်းပေါင်း ၁၆၈၈ ခန်းရှိတယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ-အာကာမင်း
4 years Ago
Up