ညှဉ်းပန်းနှိပ်စက်သည့်ခင်ပွန်းကြောင့် နေအိမ်မှခုန်ချပြီး ဒုက္ခိတဖြစ်ရသည့် ဇနီးသည်

January 12, 2018

ညှဉ်းပန်းနှိပ်စက်သည့်ခင်ပွန်းကြောင့် နေအိမ်မှခုန်ချပြီး ဒုက္ခိတဖြစ်ရသည့် ဇနီးသည်

ဘရာဇီးနိုင်ငံမှ အမျိုးသမီးတဦးဟာ ညှဉ်းပန်းနှိပ်စက်တဲ့ ခင်ပွန်းသည်ကြောင့် နေအိမ်ဒုတိယထပ် တိုက်ခန်းပြတင်းပေါက်ကနေ ခုန်ချခဲ့ပြီး ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် အိမ်ရှင်မတဦးဖြစ်တဲ့ တိုင်ယန်ဖဲလ်ကို ရီယိုစ်ဟာ ခင်ပွန်းဖြစ်သူရဲ့ ညှဉ်းပန်းနှိပ်စက်ခံရအပြီးမှာ အသက်ကို ရန်မူမှာ စိုးရိမ်စိတ်နဲ့ ခုလိုလုပ်ခဲ့တာလို့ မေရာသတင်းမှာ ဇန်နဝါရီ ၁၁ ရက်နေ့က ဖော်ပြပါတယ်။ လက်ရှိမှာတော့ သူဟာ ပေ ၂၀ အမြင့်ရှိတဲ့ တိုက်ခန်းဝရံတာကနေ ပြုတ်ကျခဲ့တဲ့ အရှိန်ကြောင့် ဘဝတလျှောက်လုံး ဒုက္ခိတဘဝနဲ့သာ ဖြတ်သန်းသွားရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ စုံစမ်းထောက်လှမ်းမှုတွေအရ အသက် ၂၇ နှစ်အရွယ် ခင်ပွန်းဖြစ်သူ ဒီယေဂိုဖဲလိ(ပ်) ဖဲရေယာဆန်တနာဟာ ဇနီးဖြစ်သူအပေါ် သဝန်တိုစိတ်နဲ့ လက်သီးနဲ့ထိုးပြီး ဦးခေါင်းကိုလည်း နံရံနဲ့ဆောင့်ခဲ့ကာ ဓားနဲ့ထိုးပြီး သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ တိုင်ယန်ဟာ ကျောရိုးတွေလည်း ကျိုးသွားခဲ့ပြီး မျက်နှာအနှံ့ ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ ဆရာဝန်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။ ဘရာဇီးရဲတပ်ဖွဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန၊ အမျိုးသမီးများ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဌာနစိတ်မှ တာဝန်ရှိသူတဦးဖြစ်တဲ့ စုံစမ်းရေးမှူး ဒီဘိုရာ မာဖရာက “မိန်းကလေးက သူ့ရဲ့ခင်ပွန်းဖြစ်သူဟာ အိမ်ကို အရက်သောက်ပြီး ပြန်လာခဲ့တယ်လို့ ပြောပါတယ်။ ပြီးတော့ သူ့သူငယ်ချင်းနဲ့ သမုတ်ပြီး စွပ်စွဲပြဿနာရှာတယ်။ ကျိန်ဆဲပြီး နှိပ်စက်တယ်။ ခြိမ်းခြောက်တယ်။ လက်သီးနဲ့ထိုးတယ်။ ခေါင်းကို နံရံနဲ့ဆောင့်တဲ့အတွက် မျက်နှာမှာလည်း ဒဏ်ရာတွေ ရသွားခဲ့တယ်” လို့ ပြောပါတယ်။ ဒီအဖြစ်အပျက်ဖြစ်ချိန်မှာ အိမ်နီးနားချင်းတွေက ရုပ်သံမှတ်တမ်း ရိုက်ယူထားနိုင်ခဲ့ပြီး ရဲတွေဆီ အပ်နှံကာ တိုင်ကြားခဲ့တာပါ။ လက်ရှိမှာတော့ ဇနီးဖြစ်သူကို ဆေးရုံ အရေးပေါ်ဌာနမှာ ဆေးကုသမှုပေးနေ ရပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ ခင်ပွန်းဖြစ်သူ အမျိုးသားကိုတော့ အခင်းဖြစ်တဲ့ နေရာမှာတင် ဖမ်းဆီးခဲ့ပြီး အာမခံ ဘရာဇီးငွေ ၂၅၀၀ (ပေါင် ၅၇၀) ပေးဆောင်စေခဲ့ကာ တရားရုံးမှာ အိမ်တွင်းအကြမ်းဖက် ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားရင်ဆိုင်သွားရမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up