ညွှန်ကြားချက်

December 25, 2020

ရန်ကုန်တိုင်းအတွင်း မလိုအပ်ဘဲအပြင်မထွက်ရန် ညွှန်ကြားချက် လိုက်နာမှုအားနည်း

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တွေကပြည်သူတွေ မလိုအပ်ဘဲအပြင်မထွက်ကြဖို့ ညွှန်ကြားချက်ကို လိုက်နာမှုအားနည်းနေသေးတယ်လို့ မြို့နယ်ကိုဗစ်ကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။  ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေကို ကိုဗစ် ၁၉ စည်းကမ်းချက်တွေ ဖြေလျှော့ပေးဖို့ သင့်မသင့်ဆိုတာကို တိုင်းအစိုးရအဖွဲ့က မြို့နယ်ကိုဗစ်ကော်မတီတွေဆီ သဘောထားမှတ်ချက်တောင်းခံထားတာရှိပါတယ်။  လတ်တလော အခြေအနေအရ ကိုဗစ်ကူးစက်မှု အနည်းငယ်လျော့ကျလာတယ်လို့ ထင်ရပေမယ့် မြို့နယ်တစ်ခုချင်းစီကို ဖြေလျော့ဖို့ဆိုတာ ရန်ကုန်တိုင်း တစ်တိုင်းလုံးကို ခြုံငုံသုံးသပ်ပြီးမှ ဆောင်ရွက်လို့ရမှာဖြစ်တဲ့အတွက် အခက်အခဲတွေ ရှိတယ်လို့ ဆိုပါတယ်။  ပြင်ပသွားလာမှုများပြားတဲ့ မြို့နယ်တွေမှာဆိုရင် ကိုဗစ်စည်းကမ်းလိုက်နာဖို့ ထိန်းသိမ်းရတာမလွယ်ကူဘူးလို့ ကမာရွတ်မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးးသိန်းဇော်ဦးက ပြောပါတယ်။ ကိုဗစ်စည်းကမ်းချက်တွေကို မြို့နယ်တွေအလိုက် ဖြေလျှော့မှုအပိုင်းကတော့ တိုင်းအစိုးရရဲ့ ညွှန်ကြားမှုအပေါ်မှာ မူတည်ပြီး လုပ်ဆောင်သွားရမယ်လို့ မြို့နယ်ကိုဗစ်ကော်မတီတာဝန်ရှိသူတွေကပြောပါတယ်။  ကိုဗစ်ကော်မတီအစည်းအဝေးမှာ မြို့နယ်တွေရဲ့ ပိုးတွေ့ရှိမှုနည်းတဲ့ ရပ်ကွက်တွေအလိုက် ဖြေလျှော့မှုပေးဖို့ ဆွေးနွေးခဲ့ကြပေမယ့် အဲဒီလိုပေးရင်ညီမျှမှုမရှိတဲ့အတွက် ဖြေလျှော့မှုပေးရင် အားလုံးပေးဖို့ ဆွေးနွေးတင်ပြခဲ့တယ်လို့ တောင်ဥက္ကလာပမြို့နယ် ကိုဗစ်ကော်မတီတာဝန်ရှိသူ ဦးးကျော်ဇေယျာဝင်းက ပြောပါတယ်။ ကျန်းမာရေးဌာနနဲ့  မြို့နယ်ကိုဗစ်ကော်မတီတာဝန်ရှိသူတွေ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကတော့ သက်ဆိုင်ရာမြို့နယ် ရပ်ကွက်တွေအလိုက်  မက်ကမ်ပိန်းပြုလုပ်တာတွေ Mask နဲ့ faceshield အခမဲ့ဖြန့်ဝေတာတွေ လုပ်ဆောင်နေပေမယ့် လူစည်ကားတဲ့ဈေးတွေမှာ မက်တပ်ဆင် ဈေးရောင်းချတာ အားနည်းနေသေးတယ်လို့ လှိုင်သာယာပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာခင်ရူပါစိုးက ပြောပါတယ်။ လတ်တလောမှာ ရန်ကုန်က လက်လီလက်ကားဈေးကြီးဖြစ်တဲ့ ယုဇနပလာဇာအပါအဝင် ဈေးကြီးတချို့ ပြန်ဖွင့်ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဆီ တင်ပြထားတာနဲ့ပတ်သက်လို့ ဈေးတွေပြန်ဖွင့်ရေးကိစ္စကို ကိုဗစ်ကော်မတီရဲ့ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင် တာဝန်ရှိသူက ပြောဆိုထားပါတယ်။  လက်ရှိမှာ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးရက်တွေဖြစ်တဲ့ ဒီဇင်ဘာ ၂၁ ရက်ကစပြီး ၃၁ ရက်နေ့အထိ ရန်ကုန်ရှိ တိရစ္ဆာန်ဥယျာဉ်၊ ပြည်သူ့ဥယျာဉ်၊ အင်းယားကန်ဘောင်၊ ပန်းခြံနဲ့ ကစားကွင်းအားလုံးကို ခေတ္တပိတ်ထားမယ်လို့ တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။  ချမ်းမြေ့မောင် 
6 months Ago

October 29, 2020

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအမိန့်များ နိုဝင်ဘာ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက်တွေ၊ အမိန့်တွေ၊ ညွှန်ကြားချက်တွေကို နိုဝင်ဘာ  ၃၀ ရက်အထိ ထပ်မံ ရက်တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ဖို့လိုအပ်တဲ့အတွက် အောက်တိုဘာ ၃၁  ရက်အထိ ထုတ်ပြန်ထားတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေကို  ( ဖြေလျှော့ တိုးမြှင့်ဖို့ လုပ်အပ်သည့်ကိစ္စများမပါ)  သက်တမ်းတိုးမြှင့်လိုက်တာလို့  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက  အောက်တိုဘာ ၂၈ ရက် ညမှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ထုတ်ပြန်ထားတဲ့ ပြည်သူကို ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေထဲမှာ  လူ ၃၀ ထက်ပိုပြီး လူစူလူဝေး မလုပ်ဖို့၊ ဘာသာရေးအခမ်းအနားတွေ မလုပ်ဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတွေတပ်ဖို့ စတာတွေ ပါဝင်ပါတယ်။  ရန်ကုန်တိုင်းမှာတော့ ကိုကိုးကျွန်းကလွဲပြီး Stay at Home အမိန့်ထုတ်ထားသလို မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်က    ၁၁ မြို့နယ်မှာလည်း  Stay at Home အမိန့်ထုတ်ပြန်ထားတာပါ။ ဒါပေမဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့အတွက်  ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၈ ရက်နေ့ မဲရုံတွေမှာ  လူ ၃၀ ထက်ပိုပြီး စုဝေးခွင့်ပြုတဲ့ အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။  အလားတူ ရန်ကုန်တိုင်းအပါအဝင် Stay at home အမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာလည်း ပြည်သူတွေအနေနဲ့ ကြိုတင်ဆန္ဒမဲ‌ ပေးရမယ့်နေရာတွေကို သွားရောက်ဆန္ဒမဲပေးနိုင်သလို နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာလည်း မဲရုံကို သွားရောက်ဆန္ဒမဲပေးနိုင်ဖို့ ခြွင်းချက်အနေနဲ့ ခွင့်ပြုကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးက အောက်တိုဘာ ၂၅ ရက်စွဲနဲ့  ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၉,၀၇၂ ယောက်၊ သေဆုံးသူ ၁,၁၇၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၂၈,၆၃၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
8 months Ago
More News
Up