ညွန့်ပေါင်းတပ်ဖွဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင်တွင် အနည်းဆုံး ၄၈ ဦး သေဆုံး

August 24, 2017

ညွန့်ပေါင်းတပ်ဖွဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင်တွင် အနည်းဆုံး ၄၈ ဦး သေဆုံး

ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သြဂုတ် ၂၃ ရက်နေ့က ယီမင်နိုင်ငံ မြို့တော် ဆာနာမှာ အနည်းဆုံး လူ ၄၈ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသအကူအညီပေးရေး အဖွဲ့အစည်းတွေက ဆိုပါတယ်။ ဒေသဆိုင်ရာ လခြမ်းနီအသင်းက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ကယ်ဆယ်ရေး လုပ်သားတွေဟာ ဟိုတယ်တခုကနေ အလောင်း ၄၈ လောင်းကို ဆွဲထုတ်နိုင်ခဲ့ပြီး ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ သိရပါတယ်။ ညွန့်ပေါင်းလေယာဉ်တွေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်နှစ်စင်းဟာ မြို့တော် ဆာနာမြောက်ပိုင်း အာဟတ်ခရိုင်မှာရှိတဲ့ ဟိုတယ်တခုကို ထိမှန်ခဲ့တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။ ဟိုတယ်ပိုင်ရှင် တာဟာမိုဟာမက်က “လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာ အရပ်ဘက် အဆောက်အဦ ဖြစ်နေတယ်။ ဟူသီသူပုန်လည်း မရှိပါဘူး။ အစိုးရစစ်သားလည်း မရှိပါဘူး။ အားလုံးက အရပ်သားတွေပါပဲ။ တိုက်ခိုက်ချိန်မှာ လူအယောက် ၈၀ လောက် တည်းနေတာပါ” လို့ ပြောခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up