ညောင်​လေးပင်-ရန်ကုန်

A d v e r t i s e m e n t With Us

January 4, 2020

ယာဉ်စီးခပိုတောင်းပြီး ခရီးသည်အားထိုးကြိတ်ခဲ့သည့် ယာဉ်နောက်လိုက်နှင့်ဒရိုင်ဘာကို အရေးယူ

ညောင်​လေးပင်-ရန်ကုန်ကို​ နေ့စဉ်ပြေးဆွဲနေတဲ့ မိုးမခခရီးသည်တင်ယာဉ် မီနီဘတ်စ်ယာဉ် တစီးက ယာဉ်စီးခ ပို​တောင်းတဲ့အ​​ပြင် ခရီးသည်ကို ကိုယ်ထိလက်ရောက် ပြုမူတာ​ကြောင့် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့အား အရေးယူထားတယ်လို့ မြို့နယ်ယာဉ်လုပ်ငန်းများ ​ကြီး​ကြပ်​ရေး​ကော်မတီ (ယကက) က ပြောပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ ညနေ ၆ နာရီလောက်က ရန်ကုန်သမိုင်းလမ်းဆုံကနေ ညောင်​လေးပင်​မြို့ကို ယာဉ်မောင်းဟန်ဝင်းနိုင်နဲ့ ယာဉ်နောက်လိုက် ရန်နိုင်ထွန်းတို့ ​နှစ်ဦး မောင်းနှင်လာခဲ့တာ​​ဖြစ်ပါတယ်။ ပဲခူးမြို့အ​ရောက် ၁၀ မိနစ်လောက် ကားကို ရပ်​နား​ပြီး ယာဉ်နောက်လိုက် ရန်နိုင်ထွန်းက ပဲခူးမြို့ကနေ ညောင်​လေးပင် သွားမယ့် ခရီးသည်ထံက သတ်မှတ်နှုန်းထား ၁၅၀၀ ထက် ၅၀၀ ပို​တောင်း​ပြီး ခရီးသည်က စျေးနှုန်းများနေတယ်လို့ ပြောဆိုတာကြောင့် ခေါင်းကိုထိုးခဲ့တာလို့ မြို့နယ်ယာဉ်လုပ်ငန်းများ​ကြီး​ကြပ်​ရေး​ကော်မတီဥက္ကဋ္ဌ ဦး​အောင်စိုးမိုးက ​ပြောပါတယ်။ အထိုးခံရတဲ့ခရီးသည်က ဇန်နဝါရီ ၁ ရက်ည ၉ နာရီခွဲမှာ ​ညောင်လေးပင်မြို့မရဲစခန်းကို တိုင်ကြားတာလို့ ဆိုပါတယ်။  "ပဲခူးမှာ ကားကို ဆယ်မိနစ်​ကျော်ရပ်​ပြီး ဘီယာဆင်း​သောက်တယ်၊ မူးလာ​တော့ ခရီးသည်ထံက ပိုက်ဆံပို​​တောင်းတယ်၊ ပိုက်ဆံလည်း ပိုယူတဲ့အ​ပြင်​ ပြန်​​ပြော​တော့ ထိုးတယ်၊ ကား​ပေါ်က ဆွဲချဖို့လုပ်တယ်၊ ယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တဦးတားလို့ ရပ်သွားတာ။" မြို့နယ်ယာဉ်လုပ်ငန်းများကြီးကြပ်​ရေး​ကော်မတီက ယာဉ်နောက်လိုက်နဲ့ ဒရိုင်ဘာကို ယကက ဥပ​ဒေအရ ယာဉ်လိုက်ခွင့်နဲ့ ယာဉ်မောင်းခွင့် ၁၅ ရက် ပိတ်သိမ်းထားတယ်လို့ ဦးအောင်စိုးမိုးက ပြောပါတယ်။ ညောင်လေးပင်- ရန်ကုန်ပြေးဆွဲနေတဲ့ ယာဉ်တွေဟာ မိုးမခနဲ့ အမှတ် ၅ ယာဉ်လိုင်းတွေဖြစ်ပြီး နေ့စဉ် အစီး ၄၀ ကျော် ပြေးဆွဲနေတယ်လို့ သိရပါတယ်။ နေလင်းထိုက်
1 year Ago
Up