ညောင်ဦး

November 2, 2021

မိုးကုတ် အချုပ်ထောင်ဝင်းထဲ ဗုံးပေါက်၊ ညောင်ဦးနှင့် ကျောက်ဆည်က အုပ်ချုပ်ရေးမှူး ၂ ဦး အသတ်ခံရ

မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်း တောင်ကချင်ရပ်ကွက်က အချုပ်ထောင်ဝင်းထဲမှာ နိုဝင်ဘာ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အသံတော့ကြားတယ်၊ နည်းနည်းလှမ်းတော့ ပေါက်ကွဲတာ မမြင်လိုက်ရဘူး၊ ဝင်းထဲ ကွဲတယ်ပြောတယ်၊ အထိအခိုက်တော့မရှိဘူး။”

ပေါက်ကွဲမှုမဖြစ်ခင် မိုးကုတ်အနောက်ပိုင်းကနေ စစ်ကောင်စီတပ်သားတွေ စစ်ကားနဲ့ အပြည့်  ၃ စီးဆင်းလာတယ်လို့ သိရပါတယ်။ 

ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ မသိရသေးဘဲ မိုးကုတ်မြို့မှာ အခုရက်ပိုင်း စစ်ကောင်စီက တင်းကျပ်စစ်ဆေးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ညောင်ဦးမြို့နယ် မြင်းကမ္ဘာရွာမှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လင်းအောင်ကို နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက ပုဂံညောင်ဦး PDF နဲ့ မြင်းခြံ Tiger တို့ ညီနောင်တပ်ဖွဲ့  နှစ်ဖွဲ့ပူးပေါင်းပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ပုဂံညောင်ဦး PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အုပ်ချုပ်ရေးမှူးဟာ ဦးခေါင်းတစ်ချက်၊ ရင်ဘတ် ၂ ချက် ကျည်ဆန်ထိမှန်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူးဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီး သပိတ်စခန်းတွေကို သတင်းပေးတာ၊ PDF နဲ့ ပတ်သက်ပြီး သတင်းပေးပြီး အပြစ်မဲ့ပြည်သူတွေကို မတရား ဖမ်းဆီးရာမှာ အားပေးအားမြှောက်ပြုလုပ်တဲ့အပြင် ပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးတာကြောင့် ပစ်သတ်လိုက်တာလို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်နဲ့ဆက်နွယ်တဲ့နေရာတွေ ရဲစခန်းတွေကို ရှောင်ရှားကြဖို့နဲ့ အဲဒီနေရာတွေမှာ ပြည်သူတွေရှိနေတာကြောင့် တိုက်ခိုက်တာတွေ မပြုလုပ်ဘဲ နောက်ဆုတ်ခဲ့ရတာတွေရှိတာကြောင့် PDF တွေကိုကူညီတဲ့အနေနဲ့ စစ်အုပ်စုနဲ့ဆက်နွှယ်တဲ့ နေရာတွေကို မသွားလာကြဖို တိုက်တွန်းထားပါတယ်။

ကျောက်ဆည်မြို့နယ်မှာလည်း နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၆ နာရီလောက်က သင်ပျိုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသိန်းဌေး ရုံးခန်းထဲ လျှပ်စစ်မီတာကြေးများ ပေးသွင်းဖို့ လော်စပီကာနဲ့ ကြေညာနေစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကိုဗစ်ကတမျိုး တောင်သူလုပ်ငန်းက မကောင်းဆိုတော့ ရွာမှာ ငွေကြေးအခက်အခဲ ရှိကြတယ်။ မီတာကြေးတွေလည်း ဆောင်ဖို့ အခက်အခဲဖြစ်ကြတယ် လာမဆောင်ကြတော့ အုပ်ချုပ်ရေးမှူးက ရုံးထဲက မိုက်နဲ့ အော်ပြီး တောင်းတာမှာ သေနတ်နဲ့ အပစ်ခံလိုက်ရတာ။”

အုပ်ချုပ်ရေးမှူး သိန်းဌေးဟာ ကျေးရွာနေ ပြည်သူလူထုဆီကနေ စစ်ကောင်စီ အလိုကျ ငွေကြေး အတင်အဓမ္မ ကောက်ခံနေတာကြောင့် သုတ်သင်လိုက်တာလို့ Dragon Kyaukse Defense Force (DKDF) က ထုတ်ပြန်ထားပါတယ်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီခန့် သတင်းပေးဒလန်တွေ ပျူစောထီးတွေ ဒလန်အုပ်ချုပ်ရေးမှူးတွေ မနုတ်ထွက်ပါက သုတ်သင်ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။

4 weeks Ago

October 31, 2021

မြိုင်မြို့နယ် Mytel တာဝါတိုင်နှင့် ညောင်ဦး လျှပ်စစ်ရုံးဝန်ထမ်းအိမ်ရာ ဗုံးခွဲခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအနီးရှိ Mytel တာဝါတိုင်ကို မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး Myaing Villages Revolution Front (MVRF) က ဒီနေ့မနက်အစောပိုင်း ၁ နာရီက ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

MVRF တာဝန်ခံက ''ဟုတ်ပါတယ်ဗျ။ ကျနော်တို့ရဲဘော်တွေ လုပ်လိုက်ကြတာပါ။ စစ်ကောင်စီရဲ့ဝင်ငွေကိုလျော့ချလိုက်တာပါ။ နောက်လည်း အခွင့်သင့်သလို စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားကြမှာပါ'' လို့ အတည်ပြုပြောပြပါတယ်။

ပြီးခဲတဲ့ရက်ပိုင်းကလည်း မြိုင်မြို့နယ်အတွင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်ဒဏ်ရာရမှု တွေရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံနဲ့အဝှမ်းရှိ အကြမ်းဖက်စစ်ကောင်စီနဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင်ပေါင်း ၁၆၀ ကျော်ဖျက်ဆီးခံထားရပြီးဖြစ်တယ်လို့ မှတ်တမ်းပြုစုထားသူတွေဆီကသိရပါတယ်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ အမှတ် ၁ နယ်မြေမှာရှိတဲ့ ညောင်ဦးမြို့၊ မြို့နယ်လျှပ်စစ်ရုံး ဝန်ထမ်း အိမ်ရာ အောက်တိုဘာ ၃၁ ရက်နေ့ မနက် ၅ နာရီကျော်က ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို အနော်ရထာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“CDM မဝင်ဘဲ စစ်ကောင်စီဩဇာခံပြီး ပြည်သူတွေဆီက မီတာခတွေ လိုက်ကောက်နေတဲ့ ညောင်ဦးမြို့ လျှပ်စစ်ဝန်ထမ်း Non CDM တွေကို သတိပေးတဲ့အနေနဲ့ ပထမအကြိမ် ပြုလုပ်ခဲ့တာပါ။” 

ဗုံးခွဲခံရမှုနဲ့ပတ်သက်ပြီး ညောင်ဦးလျှပ်စစ်ရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိတဲ့အတွက် ထိခိုက်ပျက်စီးမှု အခြေအနေကို ဆက်လက်စုံစမ်းနေပါတယ်။

လျှပ်စစ်ဝန်ထမ်းတွေအနေနဲ့ ညောင်ဦးမြို့နယ်အတွင်းမှာ မီတာခဆက်လက်ကောက်ခံမှုတွေ ဆက်လက်ဆောင်ရွက်နေပါက   အသက်ကို နုတ်ယူသွားမယ်လို့ အနော်ရထာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

1 month Ago
More News
Up