ညောင်လေးပင်

October 4, 2021

ညောင်လေးပင်မြို့နယ်တွင် မိုင်တဲလ်တာဝါတိုင် ဒုတိယအကြိမ်ဗုံးခွဲခံရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ အောက်တိုဘာ ၃ ရက် ည ၁၂ နာရီက စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် ၁ တိုင်  ဒုတိယအကြိမ် ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်လေးပင်မြို့၊ ပုဇွန်မြောင်းကျေးရွာ အထက်တန်းကျောင်းဘေးက စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင် ဗုံးခွဲခံလိုက်ရတာဖြစ်ပြီး တာဝါတိုင်ရဲ့ အထိုင်စက်နဲ့ စက်ပစ္စည်းတချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “တာဝါတိုင်ရဲ့ အထိုင်စက်နဲ့ စက်ပစ္စည်းတချို့ ထိခိုက်ပျက်စီးသွားတယ်ဆိုတာတော့ ကြားတယ်။ မနက်ကတည်းက ခုအချိန်အထိ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတုန်းပဲ၊ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာတော့ မသိရသေးဘူး၊ ထုတ်ပြန်တာလည်း မရှိဘူးလေ။”လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် ပုဇွန်မြောင်းကျေးရွာထိပ်မှာ နေထိုင်စျေးရောင်းချနေတဲ့ စျေးသည် မိသားစုတွေ ကြောက်လန့်ကာ ရွာအတွင်းကို ညတွင်းပြောင်းရွှေ့ခဲ့ကြပြီး ဖောက်ခွဲသူကိုတော့ ခုအချိန်ထိ မဖမ်းမိသေးဘူးလို့လည်း ဒေသခံက ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့ တာဝါတိုင် နေရာကို စစ်ကောင်စီရဲ့ လုံ​ခြုံရေးတပ်ဖွဲ့ဝင်တွေ ချက်ချင်း ရောက်မလာဘဲ မနက်မိုးလင်းမှသာ အင်အား ၃၀ ကျော်နဲ့ ရွာကို ဝင်ရောက်လာပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ နှင်းဝိ(သံတံတား)ကျေးရွာနဲ့ နဘဲပင်ကျေးရွာတို့မှာ နိုဝင်ဘာလ ၂ ရက်နေ့ညက မိုင်တဲလ်တာဝါတိုင် ၂ တိုင် ဗုံးခွဲခံရပြီနောက် ပုဇွန်မြောင်းကျေးရွာမှာ ဒုတိယအကြိမ် ထပ်မံဗုံးခွဲခံရတာလည်း ဖြစ်ပါတယ်။

4 months Ago

ပဲခူးတိုင်းအရှေ့ခြမ်းတွင် တတိယမြောက် မိုင်တဲလ်တာဝါတိုင် ဖောက်ခွဲခံရ

ပဲခူးတိုင်း ညောင်လေးပင်မြို့အရှေ့ဘက် ရွှေကျင် မဒေါက်လမ်း ပုဇွန်မြောင်းရွာရှိ မိုင်တဲလ်တာဝါတိုင်ကို အောက်တိုဘာလ ၃ ရက် ည ၁၂ နာရီလောက်က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့   Daik-U Defense Force နဲ့  မဟာမိတ်ပူးပေါင်းအဖွဲ့က ပြောပါတယ်။

ဒိုက်ဦးမြို့နယ် အုတ်ဝင်းရွာ မိုင်တဲလ်တာဝါတိုင် နဲ့ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာဒေသ နပဲပင် နဲ့ နှင်းဝိသံတံတားရွာမှာရှိတဲ့ တာဝါတိုင်တွေဟာလည်း ပြီးခဲ့တဲ့ရက်တွေက ဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။

တာဝါတိုင်ကို ဖောက်ခွဲခဲ့တဲ့ ရဲဘော်တွေလည်း သက်ဆိုင်ရာ တပ်စခန်းကို ချောမောစွာ ပြန်လည်ရောက်ရှိနေပြီလို့ ပူးပေါင်းအဖွဲ့က ပြောပါတယ်။

4 months Ago

July 28, 2021

ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၀၀၀ နီးပါးရှိလာသည့် ညောင်​လေးပင်​မြို့နယ်ကို Stay at Home သတ်မှတ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ကို  ဇူလှိုင်လ ၂၈ ရက်နေ့ကစ​ပြီး  Stay at Home သတ်မှတ်လိုက်တယ်လို့ စစ်​ကောင်စီရဲ့ လက်​အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၅၀ ကျော်လာမှ ထုတ်ပြန်လိုက်တာ​ ဖြစ်ပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေ၊ နေအိမ်မှာ ကိုဗစ်သေဆုံးတဲ့ လူနာတွေ များလာမှ ထုတ်ပြန်တာဟာ မိုးလွန်မှ ထွန်ချသလိုဖြစ်နေတယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုကြပါတယ်။

သေဆုံးလူနာတွေဟာ ဒီထက်မက များပြားနေပြီ ဒါကို စစ်ကောင်စီဘက်က သတင်း အမှောင်ချထားတာ​ဖြစ်​ပြီ ဒီနေ့မှ Stay at Home ကြေညာတာဟာ မဖြစ်သင့်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

နေ့စဥ် ကိုဗစ်အတည်ပြုလူနာတွေကို ပို့​ဆောင်နေတာ၊ ကိုဗစ်နဲ့သေဆုံးလူနာတွေကို နေအိမ်တွေက သယ်ယူ သင်္ဂြိုဟ်ရ​တာတွေ များလာတာ​ကြောင့် ပရဟိတအင်အား မလုံမလောက် ဖြစ်နေရတယ်လို့ ပရဟိတပြုလုပ်နေသူ တစ်ဦးက ပြောပါတယ်။

စီမံခန့်ခွဲမှုတွေ၊ ဦးဆောင်မှုတွေညံ့တာ၊ တာဝန်ယူမှု တာဝန်ခံမှုတွေ မရှိတာကြောင့် ပရဟိတ လုပ်ငန်းတချို့မှာ နှောင့်နှေးရတာတွေရှိပြီး Stay at Home သတ်မှတ်ရင်လည်း သတ်မှတ်တဲ့ အတိုင်း သေသေချာချာ စည်းကမ်းထိန်းသိမ်းဖို့ လိုတယ်။ ကိုယ်ကိုယ်တိုင်က အိမ်ထဲက မထွက်ဘဲ လမ်းပေါ်မှာ ဖြစ်ချင်သလို ဖြစ်ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး၊ စျေးဆိုရင်လည်း ကိုဗစ်စည်းကမ်းနဲ့ အညီ ရောင်းချတာ မရှိဘူး။ ဝယ်ချင်သလိုဝယ်၊ ရောင်းချင်သလို ရောင်းချနေကြတာ၊ ဒီပုံစံအတိုင်းဆို ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပါဦးမလားလို့ ဆိုပါတယ်။

ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေ ထားရှိရာ စင်တာ ၁၂ ခုနဲ့ ကွာရတင်းစင်တာ ၂၈ ခုရှိတယ်လို့ သိရပါတယ်။

6 months Ago
More News
Up