ညောင်ရွှေမြို့နယ်တွင်  သားဖြစ်သူက ဖခင်ကို အရက်မူးပြီးသတ်ဖြတ်

October 22, 2019

ညောင်ရွှေမြို့နယ်တွင်  သားဖြစ်သူက ဖခင်ကို အရက်မူးပြီးသတ်ဖြတ် 

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက သားဖြစ်သူက မိမိဖခင်ရင်းကို  ပြန်သတ်တဲ့အမှု ဖြစ်ပွားခဲ့ပါတယ်။  အဆိုပါလူသတ်မှုဟာ ညောင်ရွှေမြို့နဲ့ ၇ မိုင်ကျော်အကွာ နမ့်ပန်နယ်မြေရဲတပ်ဖွဲ့အပိုင် တုံးလယ်ကျေးရွာအုပ်စု တောင်ပို့ကြီးရွာမှာ အောက်တိုဘာ ၂၀ ရက် ည ၁၁ နာရီကျော်လောက်က အရက်မူးပြီး လူသတ်မှု ဖြစ်ပွါးခဲ့တာလို့ နမ့်ပန်နယ်ထိန်းရဲ တပ်ကြပ်ကြီး ကျော်ဦးက ဒီဗွီဘီကို ပြောပါတယ်။  “လူသတ်မှုဖြစ်တာ မှန်ပါတယ်ခင်ဗျ။ သတ်တဲ့လူက သူ့သား မောင်ဆန်းမွန်း အသက် ၃၃ နှစ်၊ သေဆုံးသူက ဦးဝင်း ၅၃ နှစ်ပါ၊ အခင်းဖြစ်တဲ့ညက သူတို့အမေ အိမ်မှာမရှိဘူး။ သားအဖနှစ်ယောက် အရက်သောက်ပြီးစကားများကြတယ်တဲ့။ အဲဒါ သားကအဖေကို ဓားမြောင်နဲ့ ထိုးလိုက်တယ်။ ရင်ညွန့်မှာထိုးတာ ပွဲချင်းပြီးသေဆုံးသွားတယ်။ ကျနော်တို့ရဲ တပ်ဖွဲ့ကတော့ အခင်းဖြစ်ပွားပြီး တိုင်ချက်ရတော့မှ သွားကြည့်တာပါ။ သူတို့ရွာက တော်တော်ဝေးတယ်။ အင်းရေပြင်ထဲမှာ။” လောလောဆယ် မောင်ဆန်းမွန်းကို ညောင်ရွှေရဲစခန်းမှာ ထိန်းသိမ်းထားပြီး မိခင်ဖြစ်သူက တရားလိုလုပ်ကာ ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ သားဖြစ်သူကို ပြန်ပြီးအမှုဖွင့်ထားတယ်လို့ သူက ဆက်ပြောပါတယ်။  သေဆုံးသူ ဦးဝင်းရဲ့ ရုပ်အလောင်းကိုတော့ မနေ့ကဘဲ သင်္ဂြိုဟ်လိုက်ပြီ ဖြစ်ပါတယ်။ 
2 years Ago
Up