ညောင်တုန်း ကမ်းနားလမ်းတာကို နယ်သာလန်ပညာရှင်အဖွဲ့၏ အကူအညီဖြင့် အမြန်ပြင်မည်

January 13, 2020

ညောင်တုန်း ကမ်းနားလမ်းတာကို နယ်သာလန်ပညာရှင်အဖွဲ့၏ အကူအညီဖြင့် အမြန်ပြင်မည်

ဧရာဝတီတိုင်းဒေသကြီး၊  ညောင်တုန်းမြို့မှာ ၁၂ ပေလောက်နိမ့်ကျခဲ့တဲ့ မြစ်ကမ်းနားတာကို နယ်သာလန်နိုင်ငံက ပညာရှင်တွေပါဝင်တဲ့အဖွဲ့နဲ့ အမြန်ဆုံးပြင်သွားမယ်လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ရုံးက သိရပါတယ်။ နိမ့်ကျသွားတဲ့ကမ်းနားတာကို နယ်သာလန်ပညာရှင်တွေနဲ့ ပူးပေါင်းပြုပြင်ဖို့ အရေးပေါ် အခြေအနေသတ်မှတ်ထားပြီး ပြည်ထောင်စု ပို့/ဆက်ဝန်ကြီးဌာန ရန်ပုံငွေနဲ့သာမက လိုအပ်ရင် တိုင်းအစိုးရ ရန်ပုံငွေပါသုံးပြီး အရေးပေါ် ပြုပြင်သွားမယ်လို့ တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်၊ စက်မှုလုပ်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဆိုပါတယ်။ ဇန်နဝါရီ ၈ ရက်ကလို့ နိမ့်ကျခဲ့တဲ့ ညောင်တုန်းတာဟာ လက်ရှိအချိန်မှာ အလျားပေ ၂၅ဝ၊ အနက်ပေ ၁၂ ပေထိနိမ့်ကျနေပြီး လူနေအိမ်တွေနဲ့ နီးတာကြောင့် အရေးပေါ် ပြုပြင်မှာဖြစ်ပြီး စာသင်ကျောင်း ၁ ကျောင်းကို အခြေအနေအရ ပြောင်းရွှေ့ ပေးထားရပါတယ်။ ညောင်တုန်းမှာ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ကမ်းနားတာပြိုကျတာ ၁ ကြိမ်ဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း ကမ်းပါးပြိုကျမှု ၄ ကြိမ်အထိရှိခဲ့ကာ နေအိမ် ၁ လုံးပျက်စီးပြီး နေအိမ် ၅ လုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့  ညောင်တုန်းမြို့နယ်၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးမှူး ကိုကျော်ကျော်ဝင်းစံက ဒီဗွီဘီကို ပြောပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
2 years Ago
Up