ညီလာခံ ကျင်းပ

November 26, 2017

ပင်းတယတွင် ဓနုအမျိုးသား ညီလာခံ ကျင်းပ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မှာ နိုဝင်ဘာ ၂၆ ရက်ကနေ ၂၇ ရက်အထိ ပထမဆုံးအကြိမ် ဓနုအမျိုးသားညီလာခံကို ကျင်းပပြုလုပ်နေပါတယ်။ အဲဒီညီလာခံကို မြို့နယ် ၁၅ မြို့နယ်လောက်က လူဦးရေ ၁၀၀၀ လောက် တက်ရောက်ပြီး တခုတည်းသော ဓနုအမျိုးသားအဖွဲ့ချုပ် ပေါ်ပေါက်လာဖို့အတွက် ကျင်းပနေကြတာပါ။ နိုဝင်ဘာ ၂၆ ရက်နေ့ ပထမနေ့မှာ ဓနုအမျိုးသားအလံကို မဲခွဲဆုံးဖြတ်တာ၊ ဓနုအမျိုးသားနေ့ကို မဲခွဲဆုံးဖြတ်တာနဲ့ ဓနုအမျိုးသားသီချင်းကို မဲခွဲဆုံးဖြတ်တာတွေ ပြုလုပ်မှာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၇ ရက် ဒုတိယနေ့မှာတော့ ဓနုတိုင်းရင်းသားတစ်ရပ်လုံးကို ဦးဆောင်ဦးရွက်ပြုမယ့် အဖွဲ့ဖြစ်တဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌက လက်တလော လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို တင်ပြတာတွေ ပြုလုပ်မှာပါ။
3 years Ago

April 23, 2017

အိန္ဒိယတွင် ပိုးလမ်းနှစ်သွယ် စီမံကိန်းဆိုင်ရာ ညီလာခံ ကျင်းပ

အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှာ ပိုးလမ်း ၂ သွယ် စီမံကိန်းဆိုင်ရာ ညီလာခံကို ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီစီမံကိန်းဟာ တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံလုံးအတွက် အရေးကြီးပါတယ်။ အိန္ဒိယ နိုင်ငံအတွက် ဆုံးဖြတ်နိုင်စွမ်းရှိသူတွေက ဒီစီမံကိန်းကို ပိုကောင်းကောင်း နားလည်ဖို့ ဒီညီလာခံကို ကျင်းပတယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းထဲမှာ အာရှ၊ အာဖရိကနဲ့ ဥရောပတို့ကို ချိတ်ဆက်ထားမယ့် အခြေခံ အဆောက်အဦတွေ တည်ဆောက်ဖို့လည်း ပါပါတယ်။ ကမ္ဘာ့စီးပွားရေး ပြန်လည် ဟန်ချက်ညီဖို့ စုငွေတွေကို ထိရောက်မှု ရှိတဲ့ ရင်းနှီး မြှုပ်နှံမှု အဖြစ် အသွင်ပြောင်းဖို့ ပိုးလမ်း ၂ သွယ်စီမံကိန်းနဲ့ အာရှ အခြေခံ အဆောက်အဦ ရင်းနှီးမြှုပ်နှံမှု ဘဏ်ရဲ့ ပိုးလမ်း ရန်ပုံငွေက အားထုတ်ထားတယ်လို့ အိန္ဒိယနိုင်ငံက တရုတ်သံရုံးမှ မစ်ရှင် ဒုအကြီးအကဲ လျိုကျင်စုံးက ပြောပါတယ်။ ၂၀၁၃ ခုနှစ်မှာ တရုတ်သမ္မတ မိတ်ဆက်တဲ့ ပိုးလမ်း ၂ သွယ် စီမံကိန်းဟာ အစဉ်အလာ ပိုးလမ်း စီးပွားရေးခါးပတ်လမ်းနဲ့ ၂၁ရာစု ပင်လယ်ရေကြောင်းဆိုင်ရာပိုးလမ်း တို့ကို ရည်ညွှန်းတာပါ။ ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာ ၂ ခုကို ချိတ်ဆက်ပြီး တရုတ်ကမ်းရိုးတန်းနဲ့ အရှေ့တောင် အာရှ နိုင်ငံတွေ၊ ပင်လယ်ကွေ့ဒေသနဲ့ အာဖရိကအရှေ့ဘက် ကမ်းရိုးတန်းတို့ကို ချိတ်ဆက် ပေးထားဖို့ ရည်ရွယ်ပါတယ်။ ဒီစီမံကိန်းဟာ ကမ္ဘာ့အခြေခံ အဆောက်အဦနဲ့ စီးပွားရေးကို တိုးမြှင့်ဖို့ အလားအလာ ရှိနေပါတယ်။ အနောက်နိုင်ငံတွေနဲ့ အမေရိကန်တို့မှာ ကာကွယ်ရေးဝါဒနဲ့ အမျိုးသားစီးပွားရေးဝါဒတို့ ခေါင်းထောင်ထနေချိန်မှာ ကမ္ဘာ့စီးပွားရေး ပြန်နာလန်ထမှု နှေးလာတယ်။ ကမ္ဘာ့စီးပွားရေးဟာ တိုးတက်မှုအတွက် တွန်းအားသစ်တွေ လိုအပ်နေတယ်။ ဒီစီမံကိန်းဟာ တွန်းအားသစ်တွေ ထဲက တခု ဆိုတာ သေချာနိုင်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ အမျိုးသား လုံခြုံရေး အကြံပေး ရှိဗ်ရှန်ကာ မေနွန်က ပြောခဲ့ပါတယ်။
4 years Ago
Up