ညီနောင်မဟာမိတ်၃ဖွဲ့

March 30, 2021

စစ်တပ်က ဆန္ဒပြပြည်သူကို သတ်ဖြတ်မှုများဆက်လုပ်လျှင် ခုခံကာကွယ်မည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ကြေညာ

တပ်မတော်အနေနဲ့ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ ဆက်လုပ်‌နေမယ်ဆိုပါက နွေဦးတော်လှန်ရေးဆင်နွှဲနေကြတဲ့ တိုင်ရင်းသားလူမျိုးပေါင်းစုံ ညီနောင်များနဲ့အတူ ခုခံကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့တပ်မတော်ဟာ ကိုဗစ်ဖြစ်ပွားနေတဲ့ကာလ စစ်အာဏာသိမ်းတဲ့နေ့က စပြီး နိုင်ငံတဝန်းဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ လက်ဖြောင့်သေနတ်သမားတွေက ကျည်ဆန်အစစ်၊ လက်ပစ်ဗုံးတွေနဲ့ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းတာတွေကြောင့် ကလေးသူငယ်တွေ၊ မျိုးဆက်သစ်လူငယ်တွေ၊ အမျိုးသမီး လူလတ်ပိုင်းတွေတွေအပါအဝင် စုစုပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ရပြီး ၃၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

မတ် ၂၇ ရက်နေ့ ၁ ရက်တည်းမှာတင် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ အသက်ပေးစွန့်လွှတ်ခဲ့ရသူတွေနဲ့ မိသားစုတွေနဲ့အတူ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင်ဖို့ ၂၀၁၉ စက်တင်ဘာ ၉ ရက်ကနေ ၂၀၂၁ မတ် ၃၁ ရက်အထိ အကြမ်ကြိမ် တဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပေမဲ့ တပ်မတော်က အာဏာသိမ်းပြီး လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကြောင့် တဖက်သတ်အပစ်အခတ်ရပ်စဲတာကို ပြန်သုံးသပ်သွားမယ်လို့ ဆိုပါတယ်။နယ်စပ်တည်ငြိမ်ရေး၊ ကိုရိုနာကူးစက်မှုထိန်းချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ နိုင်ငံတကာအကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းကိစ္စရပ်တွေအတွက် ပူးပေါင်းလို့ရတဲ့ အဖွဲ့တွေနဲ့ ယခင်အတိုင်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ AA၊ MNDAA၊ TNLA ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

2 months Ago
Up