ညီညွတ်သော ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်

October 21, 2020

UDP ပါတီ ကိုယ်စားလှယ်လောင်းများကို ဆန္ဒ‌မဲပေးမိပါက ပယ်မဲအဖြစ် သတ်မှတ်မည်‌

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲဖြစ်စေ၊ ရွေးကောက်ပွဲနေ့မှာဖြစ်စေ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP ပါတီ) လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲ ပေးမိပါက ပယ်မဲအဖြစ် သတ်မှတ်မှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။  UDP ပါတီကို  နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်းကြေညာထားသလို UDPပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုလည်း အမည်စာရင်းမှ ပယ်ဖျက်ထားပြီးဖြစ်လို့ ဆန္ဒမဲ‌ပေးနိုင်မှာမဟုတ်ကြောင်း အသိပေးနှိုးဆော်ချက်တွေကို ကော်မရှင်အဖွဲ့ခွဲရုံးတွေနဲ့ မဲရုံတွေမှာ  ကြေညာကပ်ထားမယ်လို့ လည်းဆိုပါတယ်။ ရွေးကောက်ပွဲ‌ကျင်းပဖို့  ၁၉ ရက်လောက်သာ ကျန်ရှိတော့လို့  UDP ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်းတွေမပါဝင်တဲ့ ဆန္ဒမဲလက်မှတ်‌တွေကိုကို အချိန်မီ ပြန်လည်ရိုက်နှိပ် ဖြန့်ဝေနိုင်‌တော့မှာ မဟုတ်ကြောင်းလည်း ကော်မရှင်က ဆိုပါတယ်။ အခုဖြန့်ဝေထားတဲ့ ဆန္ဒမဲလက်မှတ်တွေမှာ ရိုက်နှိပ်ဖော်ပြထားတဲ့ UDP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်တွေနဲ့ ပါတီတံဆိပ်တွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေက မင်နီနဲ့ ကန့်လန့်ဖြတ်မျဉ်းသားပြီး ပယ်ဖျက်ဖို့ကလည်း အချိန်မရှိလို့ ဆောင်ရွက်‌စေ‌တော့မှာ မဟုတ်ဘူးလို့လည်း  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ခေါင်းဆောင် ဦးကျော်မြင့်ကို  ထောင်ပြေးမှုနဲ့ ဖမ်းဆီးတရားစွဲထားကာ သူ့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီးလည်း အစိုးရက  စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်နေပါတယ်။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ   တစ်နိုင်ငံလုံး  ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၁၃၁ ယောက်ဝင်ပြိုင်ဖို့ စာရင်းသွင်းခဲ့တာဖြစ်ပြီး   အန်အယ်လ်ဒီပါတီပြီးရင် ဒုတိယမြောက် ကိုယ်စားလှယ်အရေအတွက် အများဆုံး  ဝင်ပြိုင်မယ့်ပါတီဖြစ်ပါတယ်။ သတင်း - ကောင်းထက်အောင်
7 months Ago

September 30, 2020

ညီညွတ်သော ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ဖမ်းဆီးခံရ

ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူကို မနေ့ညက ဖမ်းဆီးလိုက်ပြီဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြုပါတယ်။ “ Confirmed ဖြစ်ပါတယ်။ မနေ့ည ၉ နာရီခွဲက ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ရာဇသတ်ကြီးပုဒ်မ(၂၂၄)အရ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေးဖြစ်တဲ့အတွက် ရဲဝရမ်းနဲ့ ဖမ်းတာ ဖြစ်ပါတယ်။ ကျန်တာတွေက စိစစ်ဆဲ၊ ဖော် ထုတ်ဆဲဖြစ်ပါတယ်။ ရဲလုပ်ငန်းတွေ မပြီးပြတ်သေးပါဘူး။ ဆက်လက် ဆောင်ရွက်ဆဲ ဖြစ်ကြောင်းသာ ဖြေကြားလိုပါ တယ် ” လို့ ဦးဇော်ဌေးက ပြောပါတယ်။ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူကို စက်တင်ဘာလ ၂၉ ရက်ညက  ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာမှာ သွားရောက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတဝန်း မဲဆန္ဒနယ် ၁၁၃၀ နေရာမှာဝင်ပြိုင်မှာဖြစ်ပြီး  အန်အယ်လ်ဒီပါတီပြီးရင် ဒုတိယအ နေရာ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီဖြစ်ပါတယ်။ နှင်းဆီပါတီဟာ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာလည်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရရှိခဲ့ခြင်း မရှိပါဘူး။
8 months Ago
Up