ညမထွက်ရ အမိန့်

August 21, 2020

စစ်တွေမြို့၌ ညမထွက်ရ အမိန့်ထုတ်ပြန်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ တိုးလာနေတဲ့အတွက် သြဂုတ် ၂၁ ရက်နေ့ကစတင်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦး လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ အများပြည်သူတွေကို အချိန်တိုအတွင်း ကူးစက်ခံရမှု မရှိစေဖို့နဲ့ အချိန်မီ ထိန်းသိမ်းနိုင်ဖို့ အခုလို ညမထွက်ရ အမိန့်ထုတ်ပြန်ရတာလို့ ရေးသားထားပါတယ်။ ညမထွက်ရ အမိန့်မှာ ည ၉ နာရီက မနက် ၄ နာရီထိ  ၂ လ ဖြစ်ပြီး အများပြည်သူ အကျိုးငှာ ရည်ရွယ်ထုတ်ပြန်တဲ့ အမိန့်ဖြစ်တာကြောင့် လိုက်နာဖို့ ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့သူတွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်မားလာနေပြီး စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ဒီနေ့ညနေအထိ အတည်ပြုလူနာ ၁၈ ဦးနဲ့ စောင့်ကြည့်လူနာ ၁၁ ဦးထိ ရှိတယ်လို့ သိရပါတယ်။ သတင်း - လင်းလက် 
1 year Ago
Up