ညမထွက်ရအမိန့်

A d v e r t i s e m e n t With Us

September 3, 2020

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ရခိုင်ပြည်နယ် မြို့နယ်များ၌ ညမထွက်ရအမိန့် ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ရောဂါဖြစ်ပွားတဲ့ မြို့နယ်အားလုံးမှာ ညမထွက်ရအမိန့်ကို စက်တင်ဘာ ၂ ရက်ကစပြီး အမိန့်ထုတ်ပြန်လိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။ "အဲဒီက ကိုဗစ်ရောဂါပိုးတွေ့တဲ့မြို့အားလုံးကို ညမထွက်ရအမိန့်ထုတ်ပြန်လိုက်တယ်။ ပိုး မတွေ့တာ ရမ်းဗြဲတစ်မြို့ပဲပါတယ်။ မောင်တောနဲ့ ဘူးသီးတောင်ကတော့ ၂၀၁၇ အကြမ်းဖက်မှု ဖြစ်စဉ်ကတည်းက ညမထွက်အမိန့်ထုတ်ပြန်ထားတဲ့ မြို့တွေဖြစ်တယ်။ နဂိုကတည်းက ထုတ်ပြန်ထားတဲ့အတွက် နောက်ထပ်ထုတ်စရာ မလိုတော့ဘူး။ အဲဒီကထုတ်ပြန်ရတာက ကိုဗစ်ကာလ Stay at Home လုပ်ထားတယ်။ ပြည်သူတွေအနေနဲ့ နေအိမ်တွေမှာပဲနေကြဖို့ ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထုတ်ပြန်ရတာဖြစ်တယ်။"လို့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။ ကိုဗစ်-၁၉ ပိုးတွေ့တဲ့ မြို့တွေကိုသာ ညမထွက်အမိန့်ထုတ်ပြန်တာလို့ ဝန်ကြီးက ပြောပေမယ့် ရမ်းဗြဲမြို့မှာတော့ ရောဂါပိုးတွေ့ရှိသူတဦးမှမရှိဘဲ ညမထွက်ရ အမိန့် ထုတ်ပြန်ထား တယ်လို့ သိရပါတယ်။ ရမ်းဗြဲမြို့ ရပ်မိရပ်ဖ  ဦးသိန်းလှက "ကျနော်တို့ ရမ်းဗြဲမှာ ပိုးတွေတာ ယနေ့အချိန်အထိ တစ်ဦးမှ မရှိသေးပါဘူး။ ညမထွက်အမိန့် ထုတ်ပြန်ထားတယ်။ ဒါပေမဲ့ မြို့သူမြို့သားအားလုံးက လက်ခံကြပါတယ်။ ည ၉ နာရီမှ မနက် ၄ နာရီအထိဆိုတော့ ဆိုင်ရောင်းတဲ့လူတွေလည်း ဘာမှ မနစ်နာ ကြပါဘူး။ ကိုဗစ်ရောဂါကြိုတင်ကာကွယ်မှုပိုင်းကိုတော့ ရမ်းဗြဲမှာ အဆက်မပြတ်လုပ်ဆောင် နေကြတယ်။ Mask အခမဲ့ပေးဝေတာတို့ မြို့သန့်ရှင်းရေး လုပ်တာတို့ပေါ့။ အခုလည်း တစ်မြို့လုံးကို ကြိုတင်ပြီးပိုးသတ်ဆေးဖျန်းဖို့ လုပ်ဆောင်နေပါတယ်။"လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ အမ်း၊ တောင်ကုတ်၊ မာန်အောင်၊ သံတွဲ၊ ကျောက်ဖြူ၊ ဂွ၊ ရမ်းဗြဲ၊ မောင်တောနဲ့  ဘူးသီးတောင်မြို့တွေမှာ  ည ၉ နာရီမှ မနက် ၄ နာရီထိ  ညမထွက်ရအမိန့် ထုတ်ပြန်ထားတာပါ။ ဒီအမိန့်ဟာ အများပြည်သူအကျိုးငှာ ရည်ရွယ်ပြီး ထုတ်ပြန်တဲ့ အမိန့်ဖြစ်လို့ လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး အမိန့်သက်တမ်းကာလ ၂ လ အတည်ဖြစ်ကြောင်းသိရှိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရမ်းဗြဲမြို့နယ်မှအပ ကျန်မြို့နယ် ၁၆  မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ သြဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၃ ရက် ယနေ့ မနက် ၈ နာရီအထိ ၄၆၅ ဦးရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ သတင်း - လင်းလက်
6 months Ago

August 28, 2020

ကိုဗစ်ရောဂါပိုးတွေ့ ရခိုင်ပြည်နယ်က မြို့နယ်များကို ညမထွက်ရအမိန့် ထုတ်မည်

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရတဲ့ မြို့နယ်တွေကို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်သွားမယ်လို့ ပြည်နယ်စည်ပင်ဝန်ကြီးက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ရောဂါ ပြည်တွင်းကူးစက်ခံရတဲ့ စစ်တွေမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီးနောက် ကျန်တဲ့ မြို့နယ်တွေမှာပါ ကိုဗစ်ရောဂါ ထပ်မံကူးစက်ခံရသူတွေ တွေ့ရှိလာရတာကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်သွားဖို့လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။ “အခု ကိုဗစ်တွေ့တဲ့ မြို့နယ်တွေကတော့ ၁၄၄ ထုတ်ဖို့ရှိတယ်၊ ဒါပေမဲ့ ကျနော်တို့ကတော့ ပြည်ထောင်စုကိုတင်ပြရဦးမယ်၊ ပြည်ထောင်စုက အတည်ပြုမှသာ ထုတ်လို့ရမှာပါ။ ကိုဗစ်မတွေ့တဲ့ မြို့နယ်တွေတော့ မပါနိုင်သေးဘူး။ ၁၄၄ ထုတ်ရတဲ့ အဓိကရည်ရွက်ချက်ကတော့ ကိုဗစ်ကာလ အတွင်းမှာ အသွားအလာတွေ ဆင်ခြင်ဖို့အတွက် ရည်ရွယ်ချက်ဖြစ်ပါတယ်။ ၉ နာရီ (ည) ကနေ ၄ နာရီ (မနက်) ထိပေါ့။ စစ်တွေမှာ ထုတ်တဲ့အချိန်နဲ့ တပြေးညီပဲထုတ်ဖို့လို့ပြောတာ။ စစ်တွေမှာလည်း ကိုဗစ်အတွက် ထုတ်တာဖြစ်တဲ့အတွက်ကြောင့် စစ်တွေနဲ့အညီပဲ ထုတ်ဖို့များပါတယ်။” ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ  သြဂုတ် ၁၆ ရက်နေ့ကစတင်ပြီး ပြည်ပခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်ခံရသူ ၁ ဦးကိုတွေ့ရှိခဲ့ပြီးနောက် ရောဂါပိုးတွေ့သူ များလာတာကြောင့် ကိုဗစ်တွေ့ရှိသူတွေရဲ့ နေအိမ်တွေနဲ့ လမ်းတွေကို Lock Down ချမှတ်ခဲ့သလို သြဂုတ် ၂၁ ရက် နေ့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တာပါ။ ရခိုင်ပြည်နယ် မြို့နယ် ၁၁ မြို့နယ်မှာ ကိုဗစ်ရောဂါပိုးကူးစက်သူ အရေအတွက်ဟာ ၂၀၀ ဝန်းကျင်ထိရှိလာနေပြီး စစ်တွေမြို့မှာတော့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၀၀ ကျော်ထိ ရှိလာနေပါတယ်။ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ဖို့ သြဂုတ် ၂၆ ရက်နေ့က ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးကို Stay at Home သတ်မှတ်ထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
6 months Ago
More News
Up