ညမထွက်ရအမိန့်ချိုးဖောက်သူ

February 15, 2021

မကွေးတိုင်းတွင် ညမထွက်ရအမိန့် ချိုးဖောက်သူ ၁၈ ဦးကို အမှုဖွင့်အရေးယူ

မကွေးတိုင်းဒေသကြီးအတွင်းမှာ ဖေဖော်ဝါရီ ၉ ရက်မှ ၁၄ ရက်အထိ ညမထွက်ရ အမိန့်ချိုးဖောက်တဲ့သူ ၁၈ ယောက်ကို အမှုဖွင့် အရေးယူထားတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၂ ယောက် စုစုပေါင်း ၁၈ ယောက်ကို ညမထွက်ရအမိန့် ချိုးဖောက်မှု ပုဒ်မ ၁၈၈ နဲ့ အမှုဖွင့် တရားစွဲဆိုထားပြီး အာမခံပေးထားတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မကွေးတိုင်းမှာ စစ်တပ်ကအာဏာသိမ်းပြီး ဖေဖော်ဝါရီ ၈ ရက်နေ့ကစလို့ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်နဲ့ လူ ၅ ယောက်ထက်ပိုမစုဝေးရ ဆိုပြီ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မကွေးမြို့ပေါ်ရပ်ကွက်တချို့မှာတော့ ညပိုင်းလုံခြုံရေးအတွက် ရပ်ကွက်အလိုက်၊ လမ်းအလိုက် ကင်းတာဝန်တွေချထားပြီး လမ်းအလိုက် ဝါးကတ်တွေ ကာရံထားတာလည်း တွေ့ရပါတယ်။

သတင်း - မင်းထီး

4 months Ago

June 3, 2020

ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့်ချိုးဖောက်သူ အမျိုးသမီး ၁၃ ဦးအပါအဝင် ၅၀၀ ကျော်  အရေးယူခံရ 

ကိုဗစ်-၁၉ ကပ်ဘေးကာလ ဧရာဝတီတိုင်းမှာ  ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် အမိန့်မလိုက်နာသူ အမျိုးသမီး ၁၃ ဦးအပါအဝင် လူပေါင်း  ၅၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့  တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာ ညမထွက်ရအမိန့်တွေကို မြို့နယ်အုပ်ချုပ်ရေးတွေက ဧပြီ ၁၈ ရက်က စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဇွန် ၂ ရက်နေ့အထိ အမိန့်မလိုက်နာသူပေါင်း ၅၀၅ ဦးကို မြို့နယ်တရားရုံးတွေက ထောင်ဒဏ် ၁ လနဲ့ ထောင် ၂ လ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက "ညမထွက်ရအမိန့် ချိုးဖောက်သူ ၅၀၅ ဦး ရှိခဲ့ပါတယ်။ ဒီထဲမှာ အမျိုးသမီး ၁၃ ဦးပါဝင်လာတယ်။ သူတို့ကို သက်ဆိုင်ရာမြို့နယ်တရားရုံးများက ပုဒ်မ ၁၈၈ အရ ထောင်ဒဏ်တွေ အပြစ်ပေးချမှတ်ခဲ့ပြီး ဖြစ်ပါတယ်"လို့ ပြောပါတယ်။ ထောင်ဒဏ်အပြစ်ပေးခံရသူတွေထဲမှာ  ပုသိမ်ခရိုင်က ၂၂၆ ဦးနဲ့ ဟင်္သာတခရိုင်က လူပေါင်း ၇၆ ဦးပါဝင်က အများဆုံးခရိုင်တွေဖြစ်ပါတယ်။ ဖျာပုံခရိုင်မှာတော့  ၅၁ ဦး၊ မြောင်းမြခရိုင်မှာ ၄၉ ဦး၊ လပွတ္တာခရိုင်မှာ ၃၃ ဦးနဲ့ မအူပင်ခရိုင်မှာ ၇၀ ဦးစသဖြင့် ဖမ်းဆီးအရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ ညမထွက်ရအမိန့်ကို မလိုက်နာလို့ ဖမ်းဆီးတရားစွဲထောင်ချခံထားရတဲ့ အမျိုးသမီး ၁၃ ဦးကတော့ ပုသိမ်ခရိုင်က ၉ ဦး၊ မအူပင်ခရိုင်က ၂ ဦးနဲ့ မြောင်းမြခရိုင်က ၂ ဦးတို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ အမိန့်ချိုးဖောက်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တရားလိုပြုလုပ်ကာ  ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး မြို့နယ်တရားသူကြီးတွေက  ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သတင်း-မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up