ညစ်ညမ်းအက

February 14, 2018

ညစ်ညမ်းအက က၍ ဖမ်းဆီးထားသည့် နိုင်ငံခြားသားများကို ကမ္ဘောဒီးယား နှင်ထုတ်

နိုင်ငံခြားသားတွေ အလာများတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိပ်မြို့မှာ ပြုလုပ်တဲ့ ပါတီပွဲအတွင်း ညစ်ညမ်းအက ကမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံခြားသား ၁၀ ဦးထဲက ၇ ဦးကို တိုင်းပြည်ထဲက နှင်ထုတ်လိုက်တယ်လို့ တရားရေးအာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဆီရမ်ရိပ်မြို့ရှိ ကမ္ဘောဒီးယား နာမည်ကြီး အန်ကောဝပ်ဘုရားကျောင်းဆီ သွားရာလမ်းက သီးသန့်အိမ်တလုံးမှာ ကျင်းပတဲ့ ပါတီပွဲအတွင်း လွန်ခဲ့တဲ့နှစ်ပတ်က နိုင်ငံခြားသား ၁၀ ဦးအုပ်စုကို ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့က ညစ်ညမ်းစွာ သီဆိုကခုန်ခဲ့ကြတယ်လို့ ရဲတွေက စွပ်စွဲခဲ့ပါတယ်။ ဆီရမ်ရိပ်တရားရုံးက ညစ်ညမ်းဓာတ်ပုံတွေနဲ့ တခြားအရာတွေ ပြုလုပ်မှုနဲ့ သူတို့ကို တရားစွဲခဲ့ပြီး ပါတီပွဲဦးဆောင်သူဟာ ပါတီပွဲကို လူအလာများအောင် လူမှုကွန်ရက်ပေါ်မှာ ညစ်ညမ်းပုံတွေ ဖြန့်ဝေခဲ့တယ်လို့ တရားစွဲဆိုသူက ပြောပါတယ်။ ဗြိတိန်နိုင်ငံသားငါးဦး၊ ကနေဒါနိုင်ငံသားနှစ်ဦး၊ နော်ဝေနိုင်ငံသားတဦး၊ နယူးဇီလန်နိုင်ငံသားတဦးနဲ့ ဒတ်ခ်ျလူမျိုးတဦးတို့ဟာ ထောင်ဒဏ်တနှစ်ထိ ချမှတ်ခံရနိုင်တဲ့အမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ သူတို့အမှုအတွက် ရှေ့နေက ကြိုးစားပေးခဲ့သလို သူတို့ကိုယ်တိုင်ကလည်း ပါတီပွဲကို ဦးဆောင်ကျင်းပသူတွေ မဟုတ်လို့ ၁၀ ဦး အုပ်စုထဲက ၇ ဦး အာမခံရခဲ့ပါတယ်။ သူတို့ကိုစွဲထားတဲ့အမှုကို တရားဝင် မရုပ်သိမ်းပေမယ့် အာမခံဆုံးဖြတ်ချက်အရ သူတို့ ၇ ဦးကို နိုင်ငံကနှင်ထုတ်ပြီး သူတို့နိုင်ငံကို ပြန်ပို့မယ်လို့ တရားရေးပြောဆိုခွင့်ရှိသူ ရင်စရန်က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ “သူတို့ ကမ္ဘောဒီးယားနိုင်ငံက ထွက်ခွာရမယ်၊ သူတို့ရဲ့ နိုင်ငံကူးစာအုပ်တွေလည်း ပြန်ပေးထားတယ်” လို့ ရင်စရန်က ပြောပါတယ်။ ၇ ဦးအုပ်စုက တိုင်းပြည်က ထွက်ခွာမယ်လို့ သူတို့ရှေ့နေက ပြောလိုက်ပြီး ကျန် ၃ ဦးဖြစ်တဲ့ ဗြိတိန်၊ ဒတ်ခ်ျနဲ့ နော်ဝေနိုင်ငံသား သုံးဦးတို့အတွက်တော့ သူ့အနေနဲ့ အာမခံတောင်းဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။ အမှုကျူးလွန်သူ ၁၀ ဦးစလုံးကတော့ သူတို့ လိင်စွဲဆောင်မှုရှိတဲ့ အဝတ်အစားတွေ ဝတ်တာကလွဲရင် အဝတ်တွေလည်း မချွတ်ဘူး၊ ညစ်ညမ်းပုံတွေလည်း မရိုက်ခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့နိုင်ငံဖြစ်ပြီး အန်ကောဝပ်ဘုရားကျောင်းကိုလည်း မြတ်မြတ်တဲ့နေရာအဖြစ် သတ်မှတ်ကာ ဘုရားကျောင်းမှာ လိင်စွဲဆောင်မှုရှိတဲ့ ဓာတ်ပုံတွေရိုက်တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးပြီး မလုံခြုံတဲ့ အဝတ်အစားတွေကိုလည်း ဝတ်ခွင့်မပြုပါဘူး။ ဒါပေမယ့်လည်း ပါတီကျင်းပခဲ့တဲ့ ဆီရမ်ရိပ်မြို့ အဝင်ဝဂိတ်နားက ညပိုင်း စည်ကားပြီး စားသောက်ဆိုင်တွေနဲ့ ဘားတွေ အများကြီးရှိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

June 15, 2017

ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် တားမြစ်ခဲ့ရသည့် အဆိုတော်မိန်းကလေး၏ ညစ်ညမ်းအက (ရုပ်သံ)

ထိုင်းနိုင်ငံမှ နာမည်ကြီး အဆိုတော်ကောင်မလေးတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ  ညစ်ညမ်းကကွက်တွေနဲ့ ဖျော်ဖြေခဲ့တဲ့အပေါ် ဝန်ကြီးချုပ်က လူသိရှင်ကြား ထုတ်ဖော်ဆုံးမခဲ့ရပြီး ဒီအဖြစ်အပျက်ဟာ အွန်လိုင်းပေါ် နာမည်ကြီးနေပါတယ်။ လမ်ရိုင်လို့ အမည်ရတဲ့ ဆယ်ကျော်သက် အဆိုတော်မိန်းကလေးဟာ သူ့ရဲ့တင်ပါးကို ရှေ့တိုးနောက်ငင်လှုပ်ယမ်းပြီး ဆိုးဆိုးဝါးဝါးကကွက်တွေနဲ့ ဖျော်ဖြေခဲ့တာပါ။ “သတင်းဌာနတွေအနေနဲ့ သူ့ကို သတိပေးကြပါဦး။ ပရိသတ်တွေက ဒါကို ဝေဖန်နေကြတယ်။ သူတို့ ဒါကို ကြိုက်လည်း ကြိုက်ကြပါတယ်” လို့ ဝန်ကြီးချုပ်ရဲ့အဆိုကို ကိုးကားပြီး ကိုကိုးနက်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အခုတပတ်ပြုလုပ်တဲ့ ဆန်စပါးကိစ္စဆိုင်ရာ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ဝန်ကြီးချုပ်က ဆွေးနွေးနေတဲ့ မူလအကြောင်းအရာကနေ အသက် ၁၈ နှစ်အရွယ် အဆိုတော် လမ်ရိုင်ရဲ့ ညစ်ညမ်းအကနဲ့ ပတ်သက်ပြီး ဝေဖန်ဆုံးမလိုက်တာပါ။ အမည်အရင်း ဆူပန်ဆာဗက်ခ်ျကာမာလို့ခေါ်တဲ့ အဆိုတော် လမ်ရိုင်ဟာ နာမည်ကြီး ကျေးလက်အဆိုတော်တဦးဖြစ်ကာ သူ့ရဲ့ "Fun-loving Girl” ဆိုတဲ့ သီချင်းကြောင့် ပိုမိုကျော်ကြားလာခဲ့တာဖြစ်ပြီး ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ ၆ လအတွင်း ဒီသီချင်းကို ကြည့်ရှုသူ သန်း ၂၃၀ ကျော် ရှိခဲ့တာပါ။ သူ့ရဲ့အကမှာ ၉ ကြိမ်ဆက်တိုက် တင်ပါးတွေကို ရှေ့နောက်လှုပ်ရမ်းပြီး ညစ်ညမ်းစွာ ကခဲ့တယ်ဆိုပြီး ဝေဖန်နေကြပြီး ဒါဟာ သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ပုံရိပ်ကို  ပြောင်းလဲသွားစေခဲ့တာလို့ သတင်းက ဆိုပါတယ်။ ဝန်ကြီးချုပ်က ဝေဖန်ခဲ့ပြီးနောက်မှာတော့ လမ်ရိုင်ရဲ့ မန်နေဂျာက ဝမ်းနည်းကြောင်း ပြောခဲ့ကာ အဆိုတော်အနေနဲ့ နောက်ထပ် ခုလိုမကပြတော့ဘူးလို့ ကတိကဝတ် ပြုခဲ့ပါတယ်။ “ကျနော်တို့အနေနဲ့ အမှားကို ပြင်သွားပါမယ်။ ဒါပေမယ့် တင်ပါးတွေကို ဆက်တိုက် ရှေ့နောက်လှုပ်ရမ်းတာက ၃ ကြိမ်ပါ။ ဝေဖန်နေကြသလို ၉ ကြိမ် မဟုတ်ပါဘူး။ ဒီလို တင်ပါးလှုပ် ကပြဖျော်ဖြေတာကို တခြား နာမည်ကြီးသရုပ်ဆောင်တွေလည်း လုပ်နေကြတာပဲ။ လုံးဝကို ပယ်ဖျက်ရမယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ မိုက်ကယ်ဂျက်ဆင်တောင် ဒါမျိုးလုပ်ခဲ့သေးတာပဲ” လို့ လမ်ရိုင်ရဲ့ မန်နေဂျာက ပို့စ်တူဒေး သတင်းဌာနကို ပြောခဲ့ပါတယ်။ အဆိုတော်အနေနဲ့ ခုချိန် စင်ပေါ်မှာ မလုံ့တလုံ ဘီကီနီဘောင်းဘီအစား ဘောင်းဘီအတိုကိုလည်း ပြောင်းဝတ်ထားခဲ့ကာ ခုလို စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့အပေါ် ဝန်ကြီးချုပ်နဲ့ ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်လို့ မန်နေဂျာက ပြောပါတယ်။ “ထိုင်းနိုင်ငံဟာ ယဉ်ကျေးမှုကြွယ်ဝတဲ့နိုင်ငံဖြစ်လို့ ဒီအကဟာ နေရာတိုင်းမှာ ရှိတာပဲလို့ ပြောလိုက်တာဟာ အကြောင်းပြချက်ကောင်းတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ အရည်အသွေးတွေကို ပြလို့ရတယ်။ ဒါပေမယ့် နိုင်ငံရဲ့ ယဉ်ကျေးမှုစံနှုန်းတွေကိုတော့ စိန်ခေါ်တာမျိုး မဖြစ်ပါစေနဲ့” လို့ ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။
4 years Ago
Up