ဈေးများ

A d v e r t i s e m e n t With Us

May 11, 2020

ရေးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကိုယ်တိုင်ချုပ် Mask များ ဈေးများတွင် အခမဲ့ဖြန့်ဝေ

ရေးမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ဦးဆောင်ပြီး မြို့နယ်အတွင်းရှိ ဈေးတွေမှာ ကိုယ်တိုင်ချုပ် Mask တွေကို မေ ၁၁ ရက်နေ့ မနက်ပိုင်းက စတင်ကာ အခမဲ့ လိုက်လံဝေငှပေးနေပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်းချုပ်မှုတရပ်အနေနဲ့ ကိုယ်တိုင်ချုပ် Mask ခုရေ ၇၀၀ ကို ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက် ဘောလုံးအားကစားကွင်းမှာ ဖွင့်လှစ်ထားတဲ့ ယာယီဈေးတွေနဲ့ အောင်မင်္ဂလာရပ်ကွက်အတွင်းက အောင်သီတာဈေးတွေမှာ လိုက်လံပေးဝေခဲ့တာပါ။ ဦးဆောင်ချုပ်လုပ်သူ ရေးမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သီတာမျိုးက ''ခုဝေတဲ့ Mask က လျှော်ပြီးပြန်သုံးလို့ရတယ်၊ ကျန်းမာရေးနဲ့ညီညွတ်ပြီးတော့ သတ်မှတ်ထားတဲ့အတိုင်း အဖွဲ့ဝင်တွေက စနစ်တကျချုပ်လုပ်ခဲ့ပါတယ်။ အမြဲတမ်းဝယ်မတတ်နိုင်တဲ့ ပြည်သူတွေအတွက် ရောဂါကာကွယ်ရေးမှာ အများကြီးအဆင်ပြေမှာပါ'' လို့ ဒီဗွီဘီကို ပြောပါတယ်။ ရေးမြို့နယ် မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းအနေနဲ့ လာမယ့်ရက်တွေမှာ ကျန်ရှိနေတဲ့ ဈေးတွေအပြင် ကျေးရွာတွေက မိခင်နဲ့ကလေးဒေသဖွံ့စီမံချက်ရွာတွေကိုလည်း ဆက်လက်ဖြန့်ဝေ ပေးသွားဖို့ရှိနေပြီး ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်များပေးဝေခြင်းအပြင် အသိပညာပေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ရန်မျိုးအောင်ရပ်ကွက်နေ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးအောင်ခိုင်က ''နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ကိုယ်တိုင်ချုပ် Mask တွေတပ်ကြဖို့ နှိုးဆော်ပေးနေတယ်။ ကျန်းမာရေးဌာနက လည်း ချုပ်လုပ်ရာမှာ နည်းစနစ်တွေပေးနေတာပေါ့၊ စနစ်တကျစံချိန်စံညွှန်းမီဖို့ပဲ လိုပါတယ်။ အခြေခံလူတန်းစားအများစုက အမြဲတမ်းမတတ်နိုင်ကြဘူး၊ နည်းစနစ်ကျကျလျှော်ပြီး သုံးလို့ရအောင် ပညာပေးတွေနဲ့ပေးဝေမှုက တဖက်တလမ်းက အထောက်အကူပါပဲ"လို့ ဒီဗွီဘီကို မှတ်ချက်ပြု ပြောကြားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ သူ့မရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရောဂါမကူးစက်စေဖို့ ထိရောက်တဲ့နည်းအဖြစ် Mask စနစ်တကျတပ်ဆင်တဲ့အလေ့အထကို အားပေးဖို့၊ ကျန်းမာရေး ဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ အဝတ်နဲ့ပြုလုပ်တဲ့ နှာခေါင်းစည်းနဲ့ပတ်သက်တဲ့ သိကောင်းစရာ များကို ကိုးကားကာ ပြည်သူတွေချုပ်လုပ်ထားတဲ့ ပိတ်စနှာခေါင်းစည်းချုပ်လုပ်မှု ပြိုင်ပွဲတရပ်ကို မေလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမယ်လို့ ပြောကြားထားပါတယ်။ ပြိုင်ပွဲမှာ ပြည်သူတွေ အနှစ်သက်ဆုံးအဖြစ် Like အများဆုံးရရှိသူ ၃ ဦးကို ကျန်းမာရေးနဲ့ညီ၊ မညီ ထည့်သွင်းစဉ်းစားကာ ဆုချီးမြှင့်သွားဖို့လည်း ရှိနေပါတယ်။ ဝင်းနိုင်သက်
10 months Ago

April 15, 2020

မိုင်းဆတ်ခရိုင်အတွင်းရှိ ဈေးများအားလုံး ယာယီပိတ်ထားမည်

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် COVID-19 ကြီးကြပ်မှုကော်မတီက ဧပြီ ၁၆ ရက်မှ ၁၉ ရက်အထိ  ခရိုင်အတွင်းရှိစျေး ၈ ဈေးကို ၄ ရက်ကြာ ပိတ်ပင်သွားမှာဖြစ်ပါတယ်။ မိုင်းဆတ်ခရိုင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးနေမျိုးအောင်က "ခရိုင်အတွင်း COVID-19 ကူးစက်ပြန့်ပွားမှုကိုတားဆီးဖို့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ စျေးအားလုံးကို မနက်ဖြန်ကစပြီး လေးရက်ကြာ ပိတ်ပင်တာဖြစ်ပါတယ်။ မြို့ရွာအလိုက် ယာဉ် အသွားအလာတွေကိုလည်း ပိတ်ပင်သွားမှာပါ”လို့  ပြောပါတယ်။ မိုင်းဆတ်ခရိုင်အတွင်းရှိ မြို့နယ် ၂ ခုနဲ့ မြို့နယ်ခွဲတခုမှ အထင်ကရစျေးရှစ်ခုဖြစ်တဲ့ မိုင်းဆတ်မြို့မစျေး၊ ကုန်းကုလားစျေး၊ မိုင်းတွမ်းစျေး၊ ယောင်ခစျေး၊ မိုင်းခုတ်မြို့မစျေး၊ မိုင်းတုံမြို့မစျေး၊ ပုံပါကျင်မြို့မစျေး၊ နားကောင်းမူးစျေးတွေကို တစ်ပြိုင်တည်း ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။ အလားတူ မြို့အဝင်အထွက်ဂိတ်အားလုံးကို ည ၇ နာရီကနေ နောက်တနေ့မနက် ၇ နာရီ အထိ အသွားအလာပိတ်ပင်မှာဖြစ်ပြီး လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ သတင်း- အောင်ဇေယျ
11 months Ago
Up