ဈေးနှုန်း ကျဆင်း

January 2, 2021

အိန္ဒိယနိုင်ငံက အဝယ်ရပ်ထားသဖြင့် ပဲစင်းငုံဈေးနှုန်း ကျဆင်း

မန္တလေး ပဲစင်းငုံဈေးကွက်မှာ အိန္ဒိယ အဝယ်ရပ်တန့်နေတာကြောင့် ၂၀၂၁ ခုနှစ် အစပိုင်းမှာ ခန့်မှန်းထားတဲ့ ဈေးနှုန်းအထိ မရရှိဘဲ အကျဈေးနဲ့ စတင်နေရတယ်လို့ ပဲကုန်သည်တွေက ပြောပါတယ်။ ၂၀၂၀ ဈေးကွက်အတွင်း ပဲစင်းငုံ စတင်ဝင်ရောက်လာစဉ်က ၃ တင်းဝင် တစ်အိတ်ကို ငွေကျပ် ၉ သောင်းခွဲလောက်အထိ မြင့်တက်ခဲ့ပေမယ့် အခုအချိန်မှာတော့ ၇ သောင်းဝန်းကျင်ဈေးလောက်မှာသာ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။ ပဲကုန်သည်တွေ၊ တောင်သူတွေအနေနဲ့ ၂၀၂၁ နှစ်စပိုင်းမှာ ပေါက်ဈေး ၈ သောင်းလောက်အထိ ရှိနိုင်မယ်လို့ ခန့်မှန်းထားပေမယ့် အခုချိန်မှာ ခန့်မှန်းဈေးနှုန်းထက် နိမ့်ကျနေတယ်လို့လည်း မန္တလေးမြို့က ပဲပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောပါတယ်။ “တောင်သူတွေအနေနဲ့က ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ကာလ ၂၀၂၀ အောက်တိုဘာလက ပဲစင်းငုံ ၃ တင်းတစ်အိတ်ကို ၉ သောင်းခွဲလောက်ဖြစ်ခဲ့တယ်။ ဒီနှစ် ပေါ်တဲ့ရာသီမှာ ပဲစင်းငုံ တောင်သူတွေက ၃ တင်းတစ်အိတ်ကို ၈ သောင်းလောက်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမယ့် အခုလက်ရှိ အခြေအနေကတော့ ၂၀၂၁ ပေါ်တဲ့ ပဲစင်းငုံအသစ်က ၇ သောင်း ရှိတယ်။ ၂၀၂၀ ပဲစင်းငုံအဟောင်းက ၆၄၀၀၀ နဲ့ မန္တလေး ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်နေတယ်။”  ၂၀၂၀ နှစ်စပိုင်းကလည်း ပဲစင်းငုံဈေးနှုန်းဟာ ၇ သောင်းလောက်နဲ့ စခဲ့ပေမယ့်လည်း အိန္ဒိယ အဝယ်လိုက်ခဲ့တာကြောင့် ၉ သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရ နိုင်ငံခြားကုန်သွယ်ရေးဌာနက ပဲစင်းငုံ တန် ၄ သိန်း ပြည်ပက ဝယ်ယူတော့မယ်လို့ ကြေညာလိုက်တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကစတင်ပြီး သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၉ သောင်းခွဲ ဈေးနှုန်းအထိ ရောက်ရှိခဲ့တာပါ။ ဦးစိုးဝင်းမြင့်က “ပြီးခဲ့တဲ့ နှစ်ကလည်း ၇ သောင်းလောက်နဲ့စခဲ့တယ်။ ဒါပေမဲ့ တောင်သူတွေအနေနဲ့ကတော့ ကြိုးစားပမ်းစား စိုက်ပျိုးတာတွေလည်း ရှိတယ်။ သို့ပေမဲ့လည်း ဈေးက အဟောင်းအနေနဲ့ကတော့ ၃ တင်းတစ်အိတ်ကို ၆ သောင်း ၄ ထောင် ရှိတယ်၊ အသစ်အနေနဲ့ကတော့ ၃ တင်းတစ်အိတ်ကို ၇ သောင်းရှိပါတယ်။ ဒါပေမဲ့ ဘာလို့အားရစရာမရှိလဲဆိုတော့ တောင်သူတွေက ပဲစင်းငုံဈေးက ဒီနှစ် ၃ တင်းတစ်အိတ်ကို ၉သောင်းခွဲအထိ တက်ခဲ့တယ်။ ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ကာလအချိန်အထိ အောက်တိုဘာလ အချိန်မှာ အိန္ဒိယက သင်္ဘောတင်တဲ့ရက်ဖြစ်နေလို့။ ဒါပေမဲ့ အဲလိုဈေးကိုမျှော်မှန်းပြီးတော့ နှစ်ကုန်လောက်ဆိုရင်လည်း ၈ သောင်းလောက်တော့ဖြစ်မယ်လို့ တောင်သူတွေ မျှော်မှန်းခဲ့တယ်။” အိန္ဒိယ နိုင်ငံခြားရေးကုန်သွယ်ရေးဌာန DGFT က ၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ပဲစင်းငုံတန်ချိန် ၄ သိန်း ဝယ်ယူမှာဖြစ်ပြီး   တင်သွင်းမှုကို နိုဝင်ဘာ ၁၅ ရက်နေ့အမီ အိန္ဒိယ ဆိပ်ကမ်းအရောက် တင်သွင်းရမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။  ပဲစင်းငုံဈေးနှုန်းဟာ နိုဝင်ဘာလနောက်ပိုင်းကနေ စတင် ကျဆင်းလာတာလို့ သိရပါတယ်။ သတင်း - ခင်ပြည့်စုံဝင်း၊ ဓာတ်ပုံ - ဝင်းဝင်းပွဲရုံ
10 months Ago
Up