ဈေးဆိုင်တန်း
May 25, 2020
ကယားပြည်နယ် အလည်အပတ်နေရာများကို အမှီပြုလုပ်ကိုင်နေကြသူများ စားဝတ်နေရေး အခက်ကြုံ
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ဖို့ ကယားပြည်နယ်စိုးရက ပြည်နယ်အတွင်း အလည်အပတ် သွားရောက်နေရာအားလုံးကို ပိတ်ပြီးနောက်ပိုင်း အဲဒီအလည်ပတ်နေရာကို အမှီပြုပြီး စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်တဲ့ မိသားစုဝင်တွေ အခက်အခဲဖြစ်လာနေကြပါတယ်။ လွိုင်ကော်မြို့နယ်မှာရှိတဲ့ ထီးစဲခါးရေတံခွန်မှာ ဈေးရောင်းချနေတဲ့ ဈေးဆိုင်ခန်းတွေဟာ မတ် ၂၈ နေ့လောက်ကတည်းက ရေတံခွန်ကို ပိတ်ထားခဲ့ရတဲ့အတွက် အခု ၂ လကျော်ကြာလာတဲ့ အချိန်မှာ စားဝတ်နေရေး အခက်အခဲဖြစ်လာနေကြပါတယ်။ ဆိုင်ဖွင့်ထားတဲ့ ဆိုင်ရှင်တွေဟာ ဘယ်နေရာမှ အကူအညီ မရတဲ့အတွက် စားဝတ်နေရေးအတွက် ကြုံရာကျပန်း လုပ်ငန်းတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေရတယ်လို့ ဆိုင်ပိုင်ရှင်တဦးဖြစ်တဲ့ ဦးအောင်ဝင်းက ပြောပါတယ်။ “အရင်ကတော့ သော်တာဝင်းစားသောက်ဆိုင်ပေါ့နော်။  အခုက ဒီတရုတ်ဝူဟန် ရောဂါပိုးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆိုင်တွေက ပိတ်ထားရတဲ့အခါကျတော့ စားဝတ်နေရေးကလည်း ကြာလာတော့ အဆင်မပြေတော့ဘူးပေါ့။ အဆင်မပြေတဲ့အခါကျတော့ ကြုံရာကျပန်း လုပ်ရတယ်ဗျာ။ ပန်းရန် လုပ်တာပေါ့နော်။ တရက်ကို ၇၀၀၀ ရပါတယ်။ ဒီလိုပဲ ခက်ခက်ခဲခဲ ရင်ဆိုင်ပြီးတော့ လုပ်နေရတယ်ခင်ဗျာ။ ” စားသောက်ဆိုင်ဖွင့်ထားရတုန်းက တရက်ပျမ်းမျှ ၃၀၀၀၀ ဝင်ငွေရှိခဲ့ပေမယ့် အခု တရက်ကို ၇၀၀၀ သာ ရရှိတဲ့အတွက် စားဝတ်နေရေးအတွက် အတော်ကို ဖြေရှင်းနေရတယ်လို့လည်း ပြောပါတယ်။ အလားတူ ထီးစဲခါးမှာ အမှတ်တရ အထည်ဆိုင် လာရောက်ဖွင့်ထားရတဲ့ တောင်ကြီးမြို့က  ဒေါ်ခင်စန်းရီကလည်း ဆိုင်တွေပိတ်ထားရတဲ့အတွက် ဝင်ငွေမရှိတော့သလို တောင်ကြီးပြန် မယ်ဆိုလည်း ပြန်လို့မရတော့တဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ “တောင်ကြီးကနေ လာပြီးတော့ အမှတ်တရ အထည်ဆိုင်လေးတွေ လာဖွင့်တာလေ။ အခု ပိတ်လိုက်တဲ့အခါကျတော့ ဟိုပြန်လို့လည်းမရ၊ ဒီမှာလည်း ဒီလို ပိတ်ထားတာဆိုတော့လေ။ အန်တီတို့က ပိတ်မယ်လို့လည်း မသိလိုက်တော့လေ၊ စုထားဆောင်းထားတာလေး နည်းနည်းပါးပါးနဲ့ စားတာသောက်တာနဲ့ဆိုရင် အခုမရှိတော့ဘူး။ တောင်ကြီး ပြန်မယ်ဆိုတော့လည်း အခုပြန်လို့မရ အဲလိုဖြစ်နေတယ်လေ။ ဒီမှာကျတော့ အကူအညီဝေတဲ့အထဲလည်း မပါဘူး။ အဲတော့ အန်တီတို့က ဟိုလွတ်ဒီလွတ်ဖြစ်နေပြီး ဒီထဲမှာ ပိတ်မိသလိုမျိုး ဖြစ်နေတာပေါ့နော်။ ” ကယားပြည်နယ်အစိုးရက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပခရီးသွားတွေ အသွားအလာများတဲ့ အလည်အပတ်နေရာ ၁၀ ခုကို မတ်လ ၃၀ ရက်နေ့ကစပြီး ပိတ်လိုက်တာပါ။ ဒီလိုပိတ်လိုက်ပြီးနောက်ပိုင်း ထီးစဲခါးရေတံခွန်ဆီဝင်တဲ့လမ်းတွေမှာ သံဆူးကြိုးတွေနဲ့ကာပြီး ပိတ်ထားခဲ့တာဖြစ်ပြီး အဲဒီထဲမှာရှိတဲ့ ဈေးသည်တွေအတွက် ဝင်ထွက်သွားလာဖို့ အခက်အခဲဖြစ်ရတယ်လို့  အဲဒီမှာ အကြော်ရောင်းတဲ့ ဒေါ်ဌေးပွင့်က ပြောပါတယ်။ “အခုဆိုင်က ၃ လပိုင်း ၂၇ ရက်နေ့က ပိတ်ထားရပါတယ်။ ကျမတို့ တော်တော်ဒုက္ခရောက်ပါတယ်။ သွားရလာရတာကလည်း တော်တော်ဒုက္ခရောက်ပါတယ်။ အခု သားတယောက်တည်း အလုပ်လုပ်တာလည်း အလုပ်က အမှန်ပါဘူး။ အလုပ်က ၅ ရက်ဆိုရင် ၂ ရက်လောက်ပဲ အလုပ်ဆင်းရပါတယ်။ အဲဒါလေးနဲ့ပဲ ကျမတို့ စားသောက်ရပါတယ်။ ကျဆိုရင်လည်း မလုပ်နိုင်တော့ပါဘူး။ အရင်က ရောင်းရတာဆိုတော့ ငွေလေးဘာလေး ကိုင်ရတာပေါ့။ အခုကတော့ ငွေကိုင်ဖို့နေနေသာသာ မူးလို့ရှူစရာတောင် မရှိပါဘူး။ ဘာလို့လဲဆိုတော့ ရလိုက် ဝယ်လိုက် ချက်စားလိုက်နဲ့ တခါတလေ နေမကောင်းဖြစ်တာတောင် ဆေးသောက်စရာတောင်မရှိပါဘူး။” ဒါ့အပြင် အဲဒီမှာ နေထိုင်တဲ့သူတွေအနေနဲ့ အရင်က မီတာခ တဆိုင်ကို ကျပ်ငွေ ၃ သောင်းခွဲ ပေးဆောင်ခဲ့ရပြီး အခု ဆိုင်တွေပိတ်လို့ ဝင်ငွေမရှိတော့တဲ့အတွက် အဲဒီမီတာခ မပေးနိုင်လို့ မီတာပါ ဖြတ်တောက်ခံခဲ့ရတယ်လို့ ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။ ဒီလို အခက်အခဲဖြစ်နေတဲ့သူတွေကို အစိုးရအနေနဲ့ တစုံတရာ ကူညီပေးဖို့လည်း မျှော်လင့်နေကြပါတယ်။ ထီးစဲခါးရေးတံခွန်အပါအဝင် ကယားပြည်နယ်အတွင်းမှာ ရှိတဲ့ အလည်အပတ်နေရာ ၁၀ ခုဖြစ်တဲ့ ကြက်ဂူ၊ ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ၊ တနီးလာလဲ၊  ကွိုင်ငံ၊ ထီးပရူးနူဂူနဲ့ ဆင်ဖြူတောင်တို့ကို  အစိုးရက ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် မတ်လ ၃၀ ရက်နေ့စ ပိတ်သိမ်းလိုက်တာဖြစ်ပြီး အဲဒီအမိန့်ဟာ မေ ၃၁ ရက်နေ့အထိ ဖြစ်ပါတယ်။
1 year Ago
August 4, 2019
အမေရိကန် ဈေးဆိုင်တန်းတခုတွင် ပစ်ခတ်မှုဖြစ်၊ လူ ၂၀ သေဆုံး
အမေရိကန်နိုင်ငံ အယ်လ်ပါဆိုမြို့က ဈေးဆိုင်တန်းတခုမှာ သြဂုတ်လ ၃ ရက်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူအယောက် ၂၀ သေဆုံးခဲ့တယ်လို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရတ်အာဘတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  ရိုင်ဖယ်သေနတ်ကိုင်ဆောင်လာတဲ့ အမျိုးသားတယောက်ဟာ WalMart စတိုးဆိုင်ထဲက လူတွေကို ပစ်ခတ်ခဲ့ပြီး နောက်ထပ်လူ ၂၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။  သေနတ်သံကြောင့် အနားက ဈေးဝယ်သူတွေလည်း ကြောက်ကြောက်လန့်လန့် ထွက်ပြေးခဲ့ကြရပါတယ်။  သေနတ်သမားကိုတော့ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။ ကနဦးစုံစမ်းစစ်ဆေးမှုအရ သေနတ်သမားဟာ တက္ကဆက်ပြည်နယ် အယ်လ်လန်မြို့က  အသက် ၂၁ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  ပြီးခဲ့တဲ့ အပတ်ကလည်း မြောက်ကယ်လီဖိုးနီးယားပြည်နယ်က အစားအစားပွဲတော်တခုမှာ ဆယ်ကျော်သက် သေနတ်သမားတဦးရဲ့ လက်ချက်ကြောင့် လူ ၃ ယောက်သေဆုံးခဲ့ပါသေးတယ်။
2 years Ago
Up