ဈေးကားလှည့်လည်ရောင်းချနေ

November 24, 2020

ရန်ကုန်စည်ပင်နှင့် UMFCCI တို့ ပူးပေါင်းပြီး ဈေးကားလှည့်လည်ရောင်းချနေ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊  မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) နဲ့ ညီနောင်အသင်း‌တွေ ပူးပေါင်းပြီး ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ အခြေခံစားသောက်ကုန်တွေနဲ့ သားငါးတွေကို ဈေးကားနဲ့ လှည့်လည် ရောင်းချပေးနေတယ်။ ကိုဗစ်ကာလမှာ ကုန်ထုတ်လုပ်သူတွေ အရောင်းကျပြီး စားသုံးသူတွေကလည်း လူစုလူဝေး ဖြစ်တဲ့ဈေးတွေမှာ ဈေးဝယ်ရခက်ခဲတဲ့အတွက် နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် ရည်ရွယ်ပြီး တိုင်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်တာလို့ UMFCCI တွဲဖက်အတွင်းရေးမှူး ဦးမျိုးသန့်က ပြောပါတယ်။ လက်ရှိ စည်ပင်က ဈေးကားနဲ့ လိုက်လံလှည့်လည်ရောင်းချပေးနေတဲ့ စားသောက်ကုန် ဈေးနှုန်းက မြို့ပေါ်ကဆိုင်တွေမှာ ရောင်းချတဲ့ ဈေးနှုန်းထက်သက်သာတယ်လို့လည်း  သိရပါတယ်။ ကုန်စည်စီးဆင်းမှုမှန်ကန်ရေးနဲ့ မြန်ဆန်ရေး အထောက်အကူပြုကော်မတီကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ UMFCCI၊ ညီနောင်အသင်းတွေနဲ့ ဖွဲ့စည်းထားပြီး တချို့နေရာတွေ ကုန်စည်မရောက်နိုင်တဲ့အတွက် Mobile Market ပြုလုပ်တာလို့လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှူး ဒေါက်တာတိုးအောင်က ပြောပါတယ်။ UMFCCIရဲ့ ညီနောင်အသင်း ၇၀ ကျော်က ကိုယ်စားလွှတ်တဲ့ကားတွေနဲ့ လက္ကားဈေးအတိုင်း ရောင်းချပေးနေတာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ကျဆင်းသွားပြီး  ပုံမှန်အနေအထား စိတ်ချလို့ရတဲ့အထိ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းက မြို့နယ်တွေမှာ စက်တင်ဘာ ၂၆ ရက်ကစပြီး စတင်ရောင်းချလာရာက အခုဆို စည်ပင်သာယာနယ်နိမိတ်ပြင်ပက မြို့နယ်တွေဆီမှာပါ တစ်မြို့နယ်တစ်ရက် လိုက်လံရောင်းချ‌နေတာဖြစ်ပါတယ်။ သတင်း - လွင်မိုးအောင်
1 year Ago
Up