ဈာပန အခမ်းအနား

March 16, 2021

ပြည်မြို့ နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော သူရဲကောင်း ၂ ဦး၏ ဈာပန အခမ်းအနား

ပဲခူးတိုင်း အနောက်ပိုင်း ပြည်မြို့မှာ မတ်လ ၁၃ ရက်နေ့က ရဲတပ်ဖွဲ့နဲ့အာဏာသိမ်း စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းကို ကျည်အစစ်နဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံရပြီး ကျဆုံးသွားတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းနှစ်ဦးရဲ့ ဈာပန အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ပါဝင်သူက ပြောပါတယ်။

ပြည်မြို့၊ ဆင်စုရပ်ကွက်၊ လှိုင်ဂါတ်လမ်းနေသူ သန်လျင် ရေကြောင်းတက္ကသိုလ် ပထမနှစ် ကျောင်းသား ကိုထက်မြတ်အောင် (ခ) အရှည်ကြီး၊ ၁၉ နှစ် နှင့် ကိုဖြိုးဝေယံကျော် (ခ) ကုလားလေး၊ အသက် ၂၀ တို့ရဲ့ နောက်ဆုံးခရီးကို ဒေသခံ ပြည်သူများ သိန်းချီ လိုက်ပါပို့ဆောင် ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

ရွှေတစ်ချောင်းလမ်း ခရမ်းကုန်းရပ်တွင် သပိတ်ခံစစ်ပြုလုပ်ရင်း မတ်လ ၁၃ ရက်နေ့ တနေ့ထဲ တနေရာထဲမှာပဲ ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ ကျည်အစစ်ဖြင့် ပစ်ခံရတာဖြစ်ပြီး ကိုထက်မြတ်အောင်က ဗိုက်တွင် ကျည်ထိမှန်ပြီး ကိုဖြိုးဝေယံကျော်က ဦးခေါင်းမှာ ကျည်ထိမှန်ကြကာ ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

"ကျန်ရစ်သောမျိုးဆက်တို့ကဆက်လက်၍ အောင်ပွဲရသည်အထိ  တိုက်ပွဲဝင်သွားမယ်" လို့ ၎င်း ဈာပန အခမ်းအနားမှာပဲ ကျန်ရစ်တဲ့ကျောင်းသားများက ဂတိပြု သစ္စာဆိုလိုက်ကြတယ်လို့ ပါဝင်သူတွေက ဆိုပါတယ်။

ကျည်ထိမှန်ခဲ့သူ ကိုထက်မြက်အောင်ကိုတော့ ဆန္ဒပြ ပြည်သူများက ရယူခဲ့ပြီး သွေးထွက်လွန်ကာ ဆေးကုသမှု ခံယူရင်း ကျဆုံးခဲ့ရပြီး ကိုဖြိုးဝေယံကျော်ကိုတော့ ရဲတပ်ဖွဲ့နှင့် စစ်တပ်ဘက်ကရသွားတာဖြစ်ပြီး စစ်ဆေးရုံမှာ သေဆုံးသွားမှ အလောင်းကို လာယူဖို့ မိသားစုထံ အကြောင်းကြားလာတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

2 years Ago
Up