ဈာပနအခမ်းအနား

A d v e r t i s e m e n t With Us

April 3, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျူးနှင့် မွတ်စလင် ဈာပနအခမ်းအနားများ ပုံစံပြောင်း ကျင်းပနေရ

အစ္စရေးနိုင်ငံက ဘာသာရေး အထွတ်အမြတ်မြို့ ဟိုလွန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ဦးရေ တိုးလာနေလို့ ဂျူးနဲ့ မွတ်စလင်တွေရဲ့ အစဉ်အလာ ဈာပနအခမ်းအနားတွေကို ပုံစံပြောင်း ကျင်းပနေရပါတယ်။  အစ္စရေးမှာ ဂျူးတွေဟာ အစဉ်အလာအရ အလောင်းကို ပိတ်စနဲ့ ရစ်သိုင်းပြီး ခေါင်းတလား မပါဘဲ မြေမြှုပ်လေ့ရှိတာပါ။ အခုတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးသူ အလောင်းကို ဘာသာရေးအရ ဆေးကြောပြီးရင် အရည်မစိမ့်နိုင်တဲ့ ပလတ်စတစ်နဲ့ နှစ်ကြိမ် ရစ်ပတ်ပြီးမှ မြေမြှုပ်သင်္ဂြိုဟ်နေရပါတယ်။ ဂျူးဈာပနတွေကို ကြီးကြပ်သူ အဖွဲ့ဝင်တယောက်က “ဘာကို မျှော်လင့်ရမလဲ၊ ဘယ်လောက်များတဲ့ အလောင်းတွေကို ဖြေရှင်းရမလဲ ကျနော်တို့ မသိဘူး၊ ကြောက်တာတော့ အများကြီးပဲ” လို့ ပြောပါတယ်။ ဂျေရုဆလင်နဲ့ ပါလက်စတိုင်း ဒေသတွင်း မွတ်စလင် ဘာသာရေး ခေါင်းဆောင် ရှိတ်ခ် မူဟမ်မဒ်ဟူစိန်ကတော့ မွတ်စလင်တွေရဲ့ ဈာပနအတွက် ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတဲ့ အမိန့်သစ်တွေ ထုတ်ပေးထားပြီးပြီလို့ ပြောပါတယ်။ ကူးစက်ခံ သေဆုံးသူတွေကို မဆေးကြော၊ အဝတ်နဲ့ မရစ်သိုင်းဘဲ ပလတ်စတစ် အလောင်းအိတ်ထဲ ထည့်ပြီး မြေမြှုပ်ဖို့ လိုအပ်ချက်အရ စည်းမျဉ်းထုတ်ခဲ့တယ်လို့ သူက ပြောပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်း အာဏာပိုင်တွေက အိမ်တွင်းအောင်းဖို့ ညွှန်ကြားချက်တွေ ထုတ်ပြီးကတည်းက ကူးစက်မှု ဟန့်တားရေး လူစုလူဝေး အရွယ်အစားကို ကန့်သတ်ထားလို့ ဈာပနပွဲနဲ့ ဝမ်းနည်းအောက်မေ့ပွဲတွေလည်း လူတိုင်းအတွက် ပြောင်းကုန်ပါတယ်။  အစ္စရေးနိုင်ငံအတွင်း ဈာပနတွေကို လေဟာပြင်မှာသာ ကျင်းပရပြီး လူအယောက် ၂၀ ထက် မပိုရသလို လူချင်း အနည်းဆုံး ခွာနေရမယ့် အကွာအဝေးကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။ ဂျူး အစဉ်အလာအရ ဈာပနပွဲအပြီး ၇ ရက်အတွင်း သိကျွမ်းသူတွေဟာ ကျန်ရစ်သူ မိသားစုအိမ်ကို စားနပ်ရိက္ခာတွေ ယူလာပြီး အားပေးစကား ပြောရင်း သေဆုံးသူအကြောင်း နောက်ကြောင်းပြန် ပြောဆိုလေ့ ရှိပါတယ်။ ခုတော့ ဂါဇာနဲ့ အနောက်ဘက်ကမ်းဒေသမှာ ကျန်ရစ်သူ မိသားစုဟာ စာနာမှု ဆုတောင်းတွေကို လူမှုကွန်ရက်ပေါ်ကနေသာ လက်ခံရယူနေကြရပါတယ်။
11 months Ago
Up