ဇွန် ၁၃

May 14, 2020

စီးရီးအေပွဲစဉ်များ ဇွန် ၁၃ ရက်တွင် ပြန်လည်စတင်ရန် သဘောတူ

ရပ်နားထားတဲ့ အီတလီ စီးရီးအေ ဘောလုံးပြိုင်ပွဲကို ဇွန် ၁၃ ရက်မှာ ပြန်လည်စတင်ဖို့ ကလပ်အသင်းတွေက ဆုံးဖြတ်လိုက်ပါတယ်။  စီးရီးအေအသင်း ၂၀ ဟာ မေ ၁၃ ရက်က ရုပ်သံအစည်းအဝေးကျင်းပခဲ့ပြီး အများစုက ဇွန် ၂၀ ရက်ထက် ဇွန် ၁၃ ရက်ကို လိဂ်ပြန်လည်စတင်မယ့်ရက်အဖြစ် ရွေးချယ်လိုက်တာပါ။  ဇွန် ၁၃ ရက်ကို ပြန်လည်စတင်မယ့်ရက်အဖြစ် အသင်းအားလုံးက သဘောတူ ရွေးချယ်ခဲ့ပေမယ့် ပြန်လည်စတင်ဖို့အတွက် အစိုးရရဲ့  ခွင့်ပြုချက် လိုအပ်နေဆဲ ဖြစ်ပါတယ်။ “အားကစားဆိုင်ရာပွဲတွေ ပြန်လည်စတင်ဖို့အတွက် ဇွန် ၁၃ ရက်ကို သဘောတူ ရွေးချယ်ခဲ့ပါတယ်။ အားကစားသမားတွေနဲ့ ပရော်ဖက်ရှင်နယ်အားလုံးအတွက် ပြန်လည်စတင်ချိန်မှာ အစိုးရ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ စီးရီးအေတာဝန်ရှိသူတွေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ အီတလီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့တဲ့ အဆိုးဆုံးနိုင်ငံတွေထဲက တခုဖြစ်ပြီးတော့ စီးရီးအေပွဲစဉ်တွေကို မတ်လမှာကတည်းက ရပ်နားလိုက်ရပါတယ်။  လက်ရှိအချိန်မှာ စီးရီးအေကလပ်အသင်းတချို့ဟာ သူတို့ကစားသမားတွေကို တဦးချင်းစီအလိုက် လေ့ကျင့်ခန်းပြုလုပ်စေပြီး မေ ၁၈ ရက်နေ့ကစလို့ စီးရီးအေအသင်းတွေဟာ သူတို့ကစားသမားတွေကို အုပ်စုလိုက် လေ့ကျင့်ရေးပြုလုပ်နိုင်ပြီလို့ အီတလီ အားကစားဝန်ကြီးက မေ ၁၃ ရက်မှာ ကြေညာလိုက်ပါတယ်။ ရုပ်သံထုတ်လွှင့်ခွင့် ရရှိထားသူတွေအနေနဲ့လည်း သတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်နိုင်ပြီလို့ စီရီးအေတာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။ ဒါဟာ ဘဏ္ဍာရေးဆိုင်ရာ ပဋိပက္ခမဖြစ်စေရေးအတွက် တာဝန်ရှိသူတွေရဲ့ ဆောင်ရွက်ချက်တခုလည်း ဖြစ်ပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာ ဂျူဗင်တပ်စ်အသင်းက ဒုတိယနေရာက လာဇီယိုအသင်းကို ၁ မှတ်အသာနဲ့ ဦးဆောင်ထားပြီး တတိယနေရာက အင်တာမီလန်အသင်းကိုတော့ ၉ မှတ် ဖြတ်ထားပါတယ်။
11 months Ago
Up