ဇူးမား

December 7, 2020

ချဲလ်ဆီးအသင်း၏အမေ့လျော့ခံ သူရဲကောင်း သို့မဟုတ် လေထဲက ဇူးမား

ချဲလ်ဆီးအသင်းရဲ့ ၁၆ ပွဲဆက်တိုက် ရှုံးပွဲ မရှိ အောင်မြင်မှုအတွက် အသင်းရဲ့ တိုက်စစ်ကစားသမားသစ်တွေကို မဖြစ်မနေ ချီးကျူးရပါမယ်။  ဒါပေမဲ့ လိဒ်အသင်းနဲ့ပွဲမှာ ခေါင်းတိုက်သွင်းဂိုးနဲ့ အရေးပါတဲ့အခိုက်အတန့်ကို ဖန်တီးပေးခဲ့ သူကတော့ နောက်ခံလူ ကတ်ဇူးမားပါ။ လိဒ်နည်းပြ ဘီယဲလ်ဆာဟာ ပွဲတပွဲကို အသေးစိတ်ကြိုတင်ပြင်ဆင်နိုင်သူအဖြစ် နာမည်ကြီးပေမဲ့ ချဲလ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာတော့ နာမည်ကျော် နည်းပြကြီးဟာ ဇူးမားရဲ့ခေါင်းတိုက်စွမ်းဆောင်ရည်ကို မေ့ထားခဲ့ပုံရပါတယ်။  ဒီပွဲမှာ set-piece တွေဟာ ကြိုတင်ပြင်ဆင်မှုတွေနဲ့ ကွဲပြားမှုရှိခဲ့တယ်လို့ နည်းပြကြီး ကိုယ်တိုင်က ဝန်ခံသွားခဲ့ပါတယ်။ လေထဲမှာ ဘောလုံးရရှိမှုက သေးငယ်တဲ့အစိတ်အပိုင်းတခုဖြစ်ပေမဲ့ ဒီရာသီ ချဲလ်ဆီးအသင်းအတွက်တော့ ကြီးမားတဲ့အကျိူးသက်ရောက်မှုကို ဖြစ်စေပါတယ်။  အသက် ၂၆ နှစ်အရွယ်နောက်ခံလူဟာ ကိုယ့်ဧရိယာထဲမှာတင်မဟုတ်ဘဲ ပြိုင်ဘက်ရဲ့ဧရိယာ ထဲမှာတောင် ခေါင်းတိုက်စွမ်းရည်ကောင်းကို ပြသထားနိုင်ပါတယ်။  ဒါ့ကြောင့် ဇူးမားဟာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ပြန်လည်ခေါ်ယူတာခံခဲ့ရပြီး ချဲလ်ဆီးနည်းပြ လမ်းပတ်အတွက် အားနည်းချက်ဖြစ်ခဲ့တဲ့ ခံစစ်ဟာလည်း အခုဆို ပရီးမီးယားလိဂ်ချန်ပီယံဆုကိုစိန်ခေါ်နိုင်တဲ့ အနေအထားအထိ တိုးတက်လာခဲ့ပြီဖြစ်ပါတယ်။ ဇူးမားဟာ အခုရာသီလိဂ်ပြိုင်ပွဲမှာ လေထဲက ဘောလုံးအနိုင်ရရှိမှု ၇၄ ဒသမ ၅ ရာခိုင်နှုန်းအထိရှိခဲ့တာကြောင့် ဥရောပရဲ့ထိပ်ဆုံး နောက်ခံလူအယောက် ၂၀ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။  ဒီစွမ်းဆောင်ရည်ကြောင့်ပဲ သူဟာ သီယာဂိုဆေးလ်ဗားရဲ့ အကောင်းဆုံး တွဲဖက်ကစားသမားဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။  သူ့ရဲ့ခေါင်းတိုက်ဂိုးသွင်းစွမ်းရည်တွေကလည်း ဖလားရခဲ့တဲ့နှစ်တွေက ဂျွန်တယ်ရီနဲ့ ဂယ်ရီကာဟေလ်းတို့ရဲ့ စွမ်းဆောင်ရည်ကို သတိရစေပါတယ်။  လိဒ်နဲ့ပွဲက ဂိုးဟာဇူးမားအတွက် ဒီရာသီ ၄ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး ဒါဟာပရီမီးယားလိဂ် မှာ ဂိုးသွင်းအများဆုံးနောက်ခံလူထက် နှစ်ဆပိုများပါတယ်။  ဥရောပရဲ့ထိပ်သီးလိဂ် ၅ ခုမှာလည်း ဇူးမားထက်ဂိုးပိုသွင်းနိုင်တဲ့ နောက်ခံလူမရှိသေးဘဲ လိုက်ပစ်ဇ်အသင်းရဲ့ အန်ဂျလီနို တဦးတည်းကသာ ဇူးမားလိုမျိုး စွမ်းဆောင်ထားနိုင်ပါတယ်။ လိဒ်ကို ၃ ဂိုးပြတ်နဲ့နိုင်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကို ရောက်ရှိလာခဲ့ပြီး ဒါဟာ လမ်းပတ်ရဲ့ အကယ်ဒမီကစားသမားတွေနဲ့ ကစားသမားသစ်တွေ ပေါင်းစပ်မှုဟာ အလုပ်ဖြစ်နေသေးတယ်ဆိုတာကို ပြနေပါတယ်။  ဇူးမားကို ကစားသမားသစ် ဒါမဟုတ် ရှိရင်းစွဲကစားသမာအဖြစ် ကြိုက်သလိုသတ် မှတ်နိုင်ပေမဲ့ သူ့ ခြေစွမ်း တိုးတက်လာတယ်ဆိုတာကိုတော့ မငြင်းနိုင်ပါဘူး။  ဒီလိုမျိုး လွယ်လွယ်ကူကူဖြစ်လာတာတော့ မဟုတ်ပါဘူး။ သူဟာ အသက် ၂၁ နှစ်အရွယ် ကတည်းက မော်ရင်ဟိုရဲ့အသင်းမှာ ပုံမှန်ပွဲထွက်ကစားသမားဖြစ်ခဲ့သူပါ။ လူငယ်ကစားသမားဘဝမှာ ဇူးမားဟာ wonderkid အဖြစ်သတ်မှတ်ခံခဲ့ရပေမဲ့ ဒဏ်ရာရရှိခဲ့မှုက သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ ၂ ရပ်စလုံးကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ ပါတယ်။  သူဟာ ချဲလ်ဆီးရဲ့ ပွဲထွက်ကစားသမားပြန်ဖြစ်မလာခင် စတုတ်၊ အဲဗာတန်စတဲ့အသင်း တွေမှာ ကာလရှည်အငှားထွက် ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ လမ်းပတ်က ချဲလ်ဆီးအသင်းထံ ပြန်လည်ခေါ်ယူခဲ့ပါတယ်။  အပြောင်းအရွေ့ အပိတ်ခံထားရချိန်မှာ ကစားသမားသစ်ခေါ်ယူနိုင်ခြင်း မရှိတာကြောင့် သူ့ကို ပြန်လည်ခေါ်ယူခဲ့ခြင်းမျိုးဖြစ်ပါတယ်။  အသင်းကိုပြန်လည်ရောက်ရှိလာပေမဲ့ ဇူးမားဘက်က ခြေစွမ်းပြနိုင်ခဲ့ခြင်းမျိုးတော့ မရှိပါဘူး။ ဇူးမားအပါအဝင် ချဲလ်ဆီးနောက်ခံလူတွေအားလုံး ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဇူးမားဟာ သူ့ရဲ့ ပွဲထွက်ခွင့်ပြိုင်ဘက်တွေနဲ့ ဒဏ်ရာရရှိမှုတွေကို နောက်ကောက်ချထားကာ လက်ရှိ မြင်တွေ့နေရတဲ့ ဇူးမားအဖြစ် ထိုးထွက်လာခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်၊ ခံစစ်စွမ်းရည်တို့အပြင် သီယာဂိုဆေးလ်ဗားနဲ့အကောင်းဆုံးတွဲဖက် ကစားနိုင်မှုတွေကြောင့်ဇူးမားဟာ ချဲလ်ဆီးအသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်လာပြီး နောက်ဆုံးမှာတော့ wonderkid အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ သူ့ရဲ့အလားအလာတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီပဲဖြစ်ပါတယ်။
4 months Ago
Up