ဇီးကုန်းမြို့နယ်တွင်

May 15, 2017

ဇီးကုန်းမြို့နယ်တွင်  ၂၁ ရာစုပင်လုံညီလာခံ ထောက်ခံပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ ဒုတိယအကြိမ် ၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံ ထောက်ခံကြိုဆိုကြောင်း မေလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ ဒေသခံ ၁၃၀ လောက်က ဇီးကနုး  အမှတ် (၅) ရပ်ကွက်ရှိ ဆေးကျောင်း (၁) လမ်းက စတင်ပြီး တာပွန်လမ်း၊ ရန်ကုန်-ပြည်ကားလမ်း၊ ဦးယောလမ်း၊ ဈေးလမ်း၊ ကုန်သည်လမ်းများအတိုင်း စီတန်းလှည့်လည်ပါတယ်။ “ဒုတိယအကြိမ် ၂၁ ရာစု ငြိမ်းချမ်းရေးပင်လုံ ညီလာခံအား- ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ‘ပြည်သူနှင့်အတူ’ ဆောင်ပုဒ်အား- ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်၊ နိုင်ငံတဝန်း ပြည်သူများ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအား- ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်”လို့ ချီတက်သူတွေက ကြွေးကြော်ကြပါတယ်။ ကြိုဆိုထောက်ခံပွဲ ဦးဆောင်စီစဉ်သူ ဦးသန်းအောင်က “၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံကို အောင်အောင်မြင်မြင် ပြုလုပ်ကျင်းပပြီး တိုင်းပြည်ငြိမ်းချမ်းရေး ရရှိဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‘ပြည်သူနဲ့အတူ’ ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ ကျနော်တို့ ပြည်သူတွေ ပူးပေါင်းပါဝင် ကြိုဆိုထောက်ခံခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။ ဦးဆောင်သူတွေကငြိမ်းချမ်းမှ တိုင်းပြည်အမြန်ဆုံး တိုးတက်နိုင်မယ့် အကြောင်းတွေကိုလည်း ဟောပြောခဲ့ကြပါတယ်။ သတင်း - ဝဏ္ဏထွန်း
4 years Ago

March 19, 2017

ဇီးကုန်းမြို့နယ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့ အမှတ် ၂ ရပ်ကွက် မင်းဘူးလမ်းမှာ  မတ်လ ၁၈ ရက် ည ၁၀ နာရီခွဲလောက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ ဇီးကုန်းမြို့  အမှတ် ၂ ရပ်ကွက် မင်းဘူးလမ်းရှိ ဦးမင်းသိန်းပိုင်ဆိုင်ပြီး အိမ်ငှား ဦးခင်မောင်စိုး နေထိုင်တဲ့ နေအိမ်က ရေခဲသေတ္တာ ဆေ့ဗ်ဂတ်က အပူရှိန်လွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့တာကြောင့် လူနေအိမ် ၂ လုံးနဲ့ အသေးစားငွေချေးဘဏ် သွပ်မိုးတခြမ်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်ရာနေရာကို ဇီးကုန်းမြို့နယ်မီးသတ်တပ်ဖွဲ့ မီးသတ်ယာဉ်တွေနဲ့အတူ ဒေသခံပြည်သူတွေ၊ ကြို့ပင်ကောက်၊ နတ်တလင်းမြို့နယ်တွေက မီးသတ်တပ်ဖွဲ့ဝင်တွေ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့တယ်လို့ ည  ၁၀ နာရီ မိနစ် ၄၀ လောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် ကျပ်ငွေ ၅ သိန်းခွဲဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ ဇီးကုန်းမြို့နယ်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မီးလောင်မှုကို ဇီးကုန်းမြို့မ ရဲစခန်းက ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ဆိုပါတယ်။
5 years Ago
Up