ဇီးကုန်း

September 17, 2018

ဇီးကုန်းရဲစခန်းတွင် ရိုက်နှက်မှုဖြစ်ပွားပြီး အရပ်သား ၆ဦးနှင့် ရဲတပ်ဖွဲ့ဝင်တချို့ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့မှာ ဆိုင်ကယ်မှောက်တဲ့ကိစ္စ စကားများရာက ဇီးကုန်းမြို့မ ရဲစခန်းအတွင်းမှာ ရဲဝန်ထမ်းတွေက အရပ်သားတွေကို ရိုက်နှက်ခဲ့တယ်လို့ ရိုက်နှက်ခံခဲ့ရတဲ့ ကာယကံရှင်တွေက ပြောပါတယ်။ စက်တင်ဘာ ၁၅ ရက်ညနေက ဇီးကုန်းမြို့နယ်၊ ညောင်ဇင်းကျေးရွာရဲကင်းအနားမှာ  ဒေါ်မဉ္စူစံမောင်ဟာ ဆိုင်ကယ်မတော်တဆ တိမ်းမှောက်ဒဏ်ရာရခဲ့လို့ ဆေးရုံကို ပို့ဆောင်စဉ် ဆိုင်ကယ်ကို မြို့မရဲစခန်းက သိမ်းယူခဲ့ပါတယ်။ ဆိုင်ကယ်မှောက်တဲ့ကိစ္စ ဇီးကုန်မြို့မရဲစခန်းကို လာရောက်မေးမြန်းတဲ့ လူနာရှင်ရဲ့ ခင်ပွန်းနဲ့ အရပ်သား ၅ ဦးအပါအဝင် ကြို့ပင်ကောက်မြို့ ပရဟိတ လူမှုကူညီအသင်း တာဝန်ရှိသူ တဦးပါ ရိုက်နှက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်မှောက်လူနာရှင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုညွန့်ညွန့်စိုးက “ကျနော့်အမျိုးသမီး ဆိုင်ကယ်မှောက်တယ်လို့ ဖုန်းဆက်လို့သိရတော့၊ ကျနော်တို့ ရောက်သွားတော့ ညောင်ဇင်း ရဲကင်းက ခေါ်ထားတယ်။ ဆေးရုံမပို့ဘဲထားလို့ အချိန်ကြာလို့ လူနာတခုခုဖြစ်ရင် ဘယ်သူ တာဝန်ယူမှာလဲမေးတော့ ရဲတယောက်က ကျနော်တို့ကို ဓားဆွဲထုတ်ပြီး ကြိမ်းမောင်းလို့ ပြန်ခဲ့တယ်။ နောက်တခါသွားမေးတော့ ဇီးကုန်းမြို့မရဲစခန်းကို လွှတ်လို့ သွားတော့ ဇီးကုန်းစခန်းက ရဲတွေနဲ့ စကားအခြေအတင်ဖြစ်ပြီး ကျနော်တို့ကို ရဲအယောက် ၂ဝ ကျော်က ဝိုင်းလက်သီးတွေနဲ့ထိုး၊ နံပါတ်တုတ်တွေနဲ့ရိုက်တယ်၊ ကျနော်အပါအဝင် ကျနော်ညီတွေနဲ့ ပရဟိတအစ်ကိုတဦးပါ အရိုက်ခံရတယ်"လို့ ပြောပါတယ်။ အရိုက်ခံရသူ တဦးဖြစ်တဲ့ကိုမောင်စိုးက “ကျနော့်ကို စကားစများတယ်ဆိုကတည်းက လက်ကို နောက်ပြန်ချုပ်ပြီး ရဲတွေကဝိုင်းထိုးတယ်၊ ပြီးတော့ ဝါးရင်းတုတ်တွေနဲ့ပါ ရိုက်တယ်။ လဲသွားတော့ မျက်နှာကို ကန်တယ်။ ပြီးတော့ လက်ထိတ်နောက်ပြန်ခတ်ပြီး ရဲတယောက်က ပေါက်တူးနဲ့ ထုဖို့လုပ်တော့ ဘေးကတယောက်က တားလို့မလုပ်တော့တာ၊ အရိုက်ခံရသူတွေ ကို ဆေးရုံသွားခွင့်မပေးဘူး။ နောက် ပြည်သူတွေ၊ ပရဟိတအဖွဲ့တွေက ဝိုင်းပြောလို့ ဆေးရုံမှာ ဆေးသွားကုရတာ။ လက်ထိတ်တွေခတ်ထားတယ်၊ သူတို့စစ်ဆေးတာ မပြီးမချင်း မပြန်ရဘူး လို့ပြောပြီး မနက် ၇ နာရီလောက်မှာ ကျနော်တို့ကို အာမခံပေးပြီး ပြန်လွှတ်လိုက်တယ်" လို့ ပြောပါတယ်။ ဒီဖြစ်စဉ်မှာ ရဲတပ်သား ၃ ဦးလည်း ဒဏ်ရာရသွားတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဇီးကုန်းမြို့မရဲစခန်းကစခန်းမှူး ဒုရဲမှူးဝင်းနိုင်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်း ရာမှာ  အလုပ်ရှုပ်နေတယ်လို့ပြောပြီး ဖုန်းချသွားပါတယ်။ ဇီးကုန်းရဲစခန်းကို ဒီကနေ့ မနက် ထပ်မံဆက်သွယ်ရာမှာလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ဖြေကြားခဲ့ခြင်းမရှိဘဲ ဖုန်းချသွားခဲ့ပါတယ်။ နောက်တကြိမ် ဇီးကုန်မြို့ရဲစခန်းဖုန်းဆက်မေးမြန်းကြည့်ရာမှာတော့ တာဝန်ကျရဲ တပ်ဖွဲ့ ဝင်တဦးက “ ဖြစ်တာကတော့ မှန်ပါတယ်ဗျာ။ ဒဏ်ရာရတာကတော့ နှစ်ဖက်ဒဏ်ရာရ တယ်လို့ကြားပါတယ်ဗျာ။ သေချာသိချင်ရင်တော့ ဒီမှာ တာဝန်ရှိသူတွေနဲ့ လာမေးရင်တော့ သိမှာပါ။ ကျနော်သိသလောက်တော့နှစ်ဖက်စလုံးတော့ ဆေးရုံတက်ရတဲ့လူတော့  မရှိဘူးလို့ကြားတယ် ”လို့ ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိအချိန်မှာ  အရိုက်ခံရသူ ကိုညွန့်ညွန့်စိုးနဲ့ ကိုစိုးတို့ကို ဇီးကုန်းမြို့မရဲစခန်းက ပုဒ်မ၃၃၂ (ပြည်သူဝန်ထမ်းတစ်ဦး တာဝန်ချိန်မှာ ဝတ္တရားနှောင့်ယှက်မှု)၊ ၂၉၄(ခ) (ကြိမ်းဝါး ဆဲဆိုမှု)နဲ့ တရားစွဲထားပါတယ်။ အရိုက်ခံရသူတွေဘက်က ပဲခူးတိုင်းဝန်ကြီးချူပ်ကို တိုင်ကြားစာတင်ထားပြီး တခြားသက်ဆိုင်ရာဌာနတွေကိုလည်း ဆက်လက်တိုင်တန်းသွားဖို့ စီစဉ်နေပါတယ်။ သတင်း - မေသွယ်
3 years Ago

July 27, 2018

ဇီးကုန်း အများပိုင်သောက်ရေကန်တွင် ရေခပ်သူ ၇ ဦးနှင့်အလှူရှင် တရားစွဲခံရ

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ဇီးကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်အတွင်းရှိ အများပြည်သူပိုင် သောက်သုံးရေကန်ကို တဦးတည်းအပိုင်လုပ်ပြီး ရေခပ်သူ ၈ ဦး တရားစွဲခံထားရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ဒီဘီဗွီကို ပြောပါတယ်။ ဦးဆောင်သူ ဦးမြင့်သိန်းက “အခု သူပိုင်တယ်ဆိုပြီး ကန်ကို ခြံလာခတ်တဲ့ ဦးဇော်ဝမ်းက ၂ဝဝ၄ ခုနှစ်က တခါ သူပိုင်တယ်ဆိုပြီး လုပ်လို့ အရင်မြေပိုင်ရှင် အုပ်ချူပ်ရေးပိုင်းနဲ့ ရပ်မိရပ်ဖတွေ ရှင်းပေးလို့ အများပြည်သူ သောက်သုံးရေကန်ကို ပြန်ရခဲ့တယ်။ အခု ၂ဝ၁၈ ခုနှစ် ၅ လပိုင်းကျတော့ သူ ပိုင်တယ်၊ မြေစာရင်းမှာ ငွေသုံးသိန်းပေးပြီး ပိုင်ဆိုင်မှု လုပ်ထားတာ ဘယ်သူမှ ဂရုမစိုက်ဘူးဆိုပြီး ကန်ကို ခြံခတ်တယ်။ ကန်ထဲ ရေသွားခပ်တဲ့သူ  ၇ ဦးနဲ့ ရေကန်အလှူရှင် မိသားစုဝင်တဦးကို တရားစွဲထားတယ်။ ဝန်ကြီးချူပ်နဲ့ ဇီးကုန်းမြို့နယ်က ဌာနဆိုင်ရာ အကုန်စာတင်ထားတယ်။ မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးက ခေါ်ရှင်းပေးတော့ ကျနော်တို့တင်တဲ့ စာကရုံးစာမဝင်တဲ့အတွက် ဘောင်မဝင်ဘူးလို့” လို့ ပြောတယ်။ သောက်သုံးရေကန် အလှူရှင်မိသားစုဝင် ဒေါ်စန်းစန်းဦးက “၁၉၆၄ ခုနှစ်မှာ ကျမဘိုးဘွားတွေက အများပြည်သူ သောက်သုံးဖို့အတွက် ရေစက်ချလှူထားခဲ့တာ။ ၁၉၉၈ ခုနှစ်မှာ ဆန်စက်နဲ့ခြံကို ပြန်ရောင်းခဲ့တယ်။ သောက်သုံးရေကန် မပါဘူး။ ဒါကို ကျမက အခုပြသနာတွေ ဖြစ်နေတယ်ကြားလို့ လာရှင်းပေးတာကို ဦးဇော်ဝမ်းက လက်မခံဘူး၊ ကျမကို တရားစွဲထားတယ်” လို့ ပြောပါတယ်။ အမှတ်(၁) ရပ်ကွက်အုပ်ချူပ်ရေးမှူးဟောင်း ဦးနေစိုးက “အမှတ်(၁)ရပ်ကွက်မှာ အိမ်ထောင်စု ၁၅ဝဝ ရှိတယ်။ သောက်သုံးရေကန်ကို မှီခိုသုံးစွဲတဲ့ အိမ်ထောင်စု ၅ဝဝ ကျော်ရှိတယ်။ အလယ်တန်းကျောင်းမှာ ကျောင်းသားကျောင်းသူ ၅ဝဝ လောက်ရှိတယ်။ ကျောင်းကလည်း ဒီသောက်ရေကန်က ရေကိုပဲ သောက်သုံးရတယ်။ အခုသောက်သုံးရေကန်ကို ခြံခတ်လိုက်တော့ သူတို့မှာ တော်တော်အခက်အခဲဖြစ်ပြီး ရေဝယ်သုံးနေရတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝ လောက်က မြေပိုင်ရှင် ဦးစိန်ထွန်းက သောက်သုံးရေကန်နဲ့ အခုရပ်ကွက်အုပ်ချူပ်ရေးမှူးရုံး မြေနေရာကို လှူခဲ့တာပါ” လို့ပြောပါတယ်။ အမှတ် ၁ ရပ်ကွက်အတွင်းရှိ အများပြည်သူပိုင် သောက်သုံးရေကန်မှာ ရပ်ကွက်အလယ်မှာရှိပြီး အခုခြံခတ်ထားတာကြောင့် ချုံနွယ်တွေနဲ့ ပြည့်နေပြီး ကျန်းမာရေးအတွက် စိုးရိမ်တာတွေ ရှိနေပါတယ်။ ပြည်သူတွေကတော့ ဇီးကုန်းမြို့နယ်က ဌာနဆိုင်ရာတွေအနေနဲ့ ဖြေရှင်းတာတွေ မလုပ်ပေးတာနဲ့ တဦးတည်းပိုင်အဖြစ် မြေစာရင်းက ပိုင်ဆိုင်မှုထုက်ပေးခဲ့တဲ့ အများပြည်သူပိုင် သောက်သုံးရေကန်ပျောက်ပြီး တရားစွဲခံထားရတဲ့အတွက် လိုအပ်ပါက ဆန္ဒထုက်ဖော်တဲ့အထိ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ သတင်း-မေသွယ်
3 years Ago
Up