တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဇီဝမျိုးကွဲတွေကို ကာကွယ်ရေး ထောက်ပံ့ဖို့ အမေရိကန် ဒေါ်လာ ၂၃၂ ဒသမ ၄၇ သန်းရှိတဲ့ ရန်ပုံငွေတရပ်ကို တည်ထောင်ကြောင်း အောက်တိုဘာ ၁၂ ရက်မှာ ကြေညာလိုက်ပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကျင်းပတဲ့ COP15 ဇီဝမျိုးကွဲဆိုင်ရာ ထိပ်သီးညီလာခံက မိန့်ခွန်း အတွင်း ခုလို ပြောလိုက်တာပါ။
သဘာဝတရားကို ဖျက်ဆီးမှုကို နောက်ပြန်ဆုတ်ဖို့နဲ့ ဟန့်တားဖို့ တကမ္ဘာလုံးက သဘောတူရေး တွန်းအားပေးဖို့ ရည်မှန်းချက်နဲ့ ကမ္ဘာတဝန်းက သံတမန်တွေ၊ သိပ္ပံပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူတွေ အစည်းအဝေး တက်ရောက်ခဲ့ပါတယ်။
တရုတ်သမ္မတက“ ကူမင်း ဇီဝမျိုးကွဲ ရန်ပုံငွေကို အမေရိကန်ဒေါ်လာ ၂၃၂ ဒသမ ၄၇ သန်းနဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ၁ ဒသမ ၅ ဘီလီယံနဲ့ စတင်မယ်။ တခြားလူတွေ ထည့်ဝင်ဖို့ကိုလည်း ကြိုဆိုတယ်” လို့ ပြောပါတယ်။
တရုတ်ရဲ့ ပြည်တွင်းမှာ ဇီဝမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေး အားထုတ်မှုတွေဟာ နိုင်ငံခြားမှာ စပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဒါမှမဟုတ် ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဖြန့်ဖြူးမှု ကွင်းဆက်တွေကို ရှင်းလင်းရေး အားထုတ်မှုတွေနဲ့ ရှေ့သွားနောက်လိုက် မညီဘူးလို့ ပညာရှင်တွေက သတိပေးထားပါတယ်။
သဘာဝကို တခြားနည်းနဲ့ ကာကွယ်ရာမှာ နိုင်ငံတွေကို ကူညီဖို့နဲ့ ရေရှည်ဖွံ့ဖြိုးမယ့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်ကို တည်ဆောက်ဖို့ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ ထရီလီယံလောက် လိုမယ်လို့လည်း ပညာရှင်တွေက ပြောပါတယ်။