ဇီကာဗိုင်းရပ်စ်ပိုး

October 5, 2016

ထိုင်းနိုင်ငံတွင် ကိုယ်ဝန်ဆောင်မိခင်အားလုံး ဇီကာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးမည်

မြန်မာနိုင်ငံသားတွေ အများဆုံး သွားရောက်အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်အားလုံး ဇီကာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးသွားမယ်လို့ ထိုင်းကျန်းမားရေးဝန်ကြီးဌာနက ပြောပါတယ်။ မြန်မာ၊ လာအို၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေက အလုပ်သမားအများအပြား အလုပ်လုပ်နေကြတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ခေါင်းသေးတဲ့ ကလေး ၂ ဦး မွေးဖွားလာတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုတာပါ။ ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်မိခင်တွေအားလုံးကို ဇီကာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးဖို့ ဆောင်ရွက်သွားမယ်လို့ ထိုင်းကျန်းမာရေးဌာန တာဝန်ရှိသူက အောက်တိုဘာ ၃ ရက်နေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ခေါင်းသေးတဲ့ကလေး မွေးဖွားလာတာဟာ အရှေ့တောင်အာရှမှာ ပထမဦးဆုံး ခြင်ကနေ ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်ကြောင့်ဖြစ်ကြောင်း၊ ထိုင်းကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုယ်ဝန်ဆောင်မိခင် အားလုံးကို ဇီကာဗိုင်းရပ်စ်ပိုး စစ်ဆေးဖို့ အခမဲ့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ အစောပိုင်းတုန်းကလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဆန်စယ်မြို့နယ်မှာ ဇီကာဗိုင်းရပ်စ်တွေ တွေ့တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပြီး မြန်မာအလုပ်သမား ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးလည်း ရောဂါတွေ့ရှိတယ်လို့ ဆိုထားပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီအမျိုးသမီးက သိပ်မစိုးရိမ်ရတော့ဘူးလို့ ပြောပါတယ်။ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ပိုး တွေ့တယ်ဆိုတဲ့ နေရာတွေမှာ ကိုယ်ဝန်ဆောင်မိခင် ၁၀၀၀ လောက်ကို စစ်ဆေးနေပြီး တခြားနေရာတွေကိုတော့ စစ်ဆေးတာ မလုပ်ရသေးပါဘူး။ ထိုင်းနိုင်ငံအတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ ဇန်န၀ါရီလကစပြီး စက်တင်ဘာလကုန်လောက်အထိ လူ ၂၀၀ လောက် ကူးစက်ခံနေရပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။ ဒါဟာ ဒေသအတွင်း အတည်ပြုပြီးသမျှ အမြင့်ဆုံး အရေအတွက်တခုပါ။ ခြင်ကတဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်ပိုးဟာ ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်လို့ သတင်းအချက်အလက် ထုတ်ပြန်ရာမှာ စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား စတဲ့နိုင်ငံတွေကိုလည်း ပျံ့နှံ့သွားနိုင်တာကြောင့် အဲဒီနိုင်ငံတွေကို ခရီးသွားတာတွေ မလုပ်သေးဖို့ အမေရိကန် ရောဂါကာကွယ်ရေးဌာနက ကြေညာထားပါတယ်။ စင်ကာပူအစိုးရကတော့ သူတို့နိုင်ငံအတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၀၀ ကျော်ပြီလို့ ကြေညာထားပါတယ်။ ချင်းမိုင်က မြန်မာကောင်စစ်ဝန်ရုံးလည်း အလုပ်သမားတွေ သွားလာများတဲ့ ဘုန်းကြီးကျောင်းတွေမှာ ဇီကာဗိုင်းရပ်စ်ပိုး အသိပညာပေးစာတွေကို စက်တင်ဘာ ၈ ရက်နေ့က လိုက်ကပ်ခဲ့သလို မြန်မာနိုင်ငံက ကိုယ်ဝန်ဆောင်မိခင်တွေ အခုတလော ချင်းမိုင်ကို မလာကြသေးဖို့ နှိုးဆော်ထားတာတွေ ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းလောက် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
5 years Ago
Up