အီတလီနဲ့ ချဲလ်ဆီးကွင်းလယ်လူ ယော်ဂင်ညိုဟာ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆုနဲ့ အထိုက်တန်ဆုံးကစားသမားဖြစ်တယ်လို့ အီတလီကစားသမားဟောင်း ဇိုလာက ပြောပါ တယ်။
ယော်ဂင်ညိုဟာ ချဲလ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ခဲ့သလို နိုင်ငံ့လက်ရွေးစင်အသင်းနဲ့လည်း ယူရိုချန်ပီယံဆုဖလား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဘလွန်းဒီအောဆုအတွက် စဉ်းစားရာမှာ မက်ဆီက အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလား ရခဲ့တာက ချီးကျူးစရာ ဖြစ်ပေမယ့်လည်း ယော်ဂင်ညိုက ပိုမိုထိုက်တန်တဲ့ ကစားသမားဖြစ်တယ်လို့ ချဲလ်ဆီးလက်ထောက်နည်းပြလုပ်ခဲ့ဖူးတဲ့ ဇိုလာက ပြောပါတယ်။
မက်ဆီ ကိုပါအမေရိကဖလားရတာကလည်း မေ့ထားလို့မရတဲ့ အောင်မြင်မှုဆိုတာသိပါတယ်။
ယော်ဂင်ညို ရသင့်သလားဆိုရင်တော့ သူနဲ့ ထိုက်တန်တာပေါ့။ သူက အသင်းကို ဟန်ချက်ညီစေပြီး နေရာလွှတ်တွေ ရှာဖွေပေးနိုင်တယ်။ ချဲလ်ဆီးမှာ သူနဲ့ အလုပ်လုပ်ခဲ့ဖူးတာက ကံကောင်းပါတယ်။ သူ ဘယ်လိုစွမ်းဆောင်ရည်မျိုးရှိသလဲဆိုတာ ကောင်းကောင်းသိပါတယ်။ သူ့ရဲ့ခြေစွမ်းက အမြင့်ဆုံးရောက်နေတာတင်မဟုတ်ဘဲ အသင်းလိုက်ပါ အောင်မြင်မှုရခဲ့တာဆိုတော့ သူနဲ့က လုံးဝထိုက်တန်တာပေါ့ဗျာလို့ ဇိုလာကပြောပါတယ်။
ဘလွန်းဒီအောဆုကို ပြီးခဲ့တဲ့ဆယ်စုနှစ်ကျော်အတွင်းမှာ မက်ဆီနဲ့ ရော်နယ်ဒိုကလွဲပြီး ၂၀၁၈ ခုနှစ်မှာ မိုဒရစ်က ရယူခဲ့ဖူးပါတယ်။