ဇိမ်ခံသင်္ဘော

March 10, 2020

ရပ်နားခွင့် ငြင်းပယ်ခံရသည့် အီတလီ ဇိမ်ခံသင်္ဘော စင်ကာပူတွင် ရပ်နားခွင့်ရ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်လို့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ ကျောက်ချ ရပ်နားဖို့ အငြင်းခံရတဲ့ အီတလီ ဇိမ်ခံသင်္ဘော ကို့စ်တာဖှော်တူနာဟာ စင်ကာပူနိုင်ငံမှာ မတ် ၁၀ ရက်က ကျောက်ချ ရပ်နားနိုင်ခဲ့ပါတယ်။ သင်္ဘောဟာ ဒေသစံတော်ချိန် မနက် ၈ နာရီမှာ စင်ကာပူရဲ့ မာရီနာပင်လယ်အော် ဇိမ်ခံသင်္ဘောဌာနမှာ ကျောက်ချခဲ့တာပါ။ အီတလီနိုင်ငံသားတွေ အပါအဝင် သင်္ဘောပေါ်က ဧည့်သည်တွေထဲမှာ ဗိုင်းရပ်စ် ကူးစက်ခံ သံသယလူနာတောင် မရှိဘူးလို့ အီတလီ ဇိမ်ခံသင်္ဘောလိုင်း ကို့စ်တာခရူချယ်ရေက ပြောပါတယ်။ အီတလီမှာ မတ် ၁၀ ရက် မနက် ၁၀ နာရီအထိ အတည်ပြုချက်အရ ကူးစက်ခံလူနာ ၉၁၇၂ ယောက် ရှိနေပြီး တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ခရီးသည် အယောက် ၃၄၇၀ နဲ့ ဝန်ထမ်း ၁၀၂၇ ယောက်ကို တင်ဆောင်နိုင်တဲ့ ဒီသင်္ဘောဟာ အရင်အပတ်က မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ ပထမအကြိမ် ရပ်နားခဲ့တယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။ သင်္ဘောပေါ်မှာ တကယ်ပါတဲ့ လူဦးရေကိုတော့ သင်္ဘောလိုင်းက မကြေညာခဲ့ပါဘူး။ စင်ကာပူနိုင်ငံမှာ နေခဲ့မယ့် ခရီးသည်အားလုံးကို ကိုယ်ပူချိန် စစ်ဆေးမှာဖြစ်ပြီး တချို့ကိုတော့ ဗိုင်းရပ်စ် ရှိ၊ မရှိ စမ်းသပ်မယ်လို့ စင်ကာပူအဏ္ဏဝါနဲ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နဲ့ စင်ကာပူ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
1 year Ago

February 20, 2020

ဂျပန်နိုင်ငံ ဇိမ်ခံသင်္ဘောမှ ပြန်လာသူများကို ဟောင်ကောင်ခေါင်းဆောင်တွေ့ဆုံ

ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ်ဟာ ဂျပန်နိုင်ငံက ဒိုင်းမွန်း ပရင့်ဆက် ဇိမ်ခံသင်္ဘောပေါ်ကနေ ပြန်ခေါ်လာတဲ့ ဟောင်ကောင်သား အယောက် ၁၀၀ ကျော်ကို ရောဂါခြေချုပ်နဲ့ သီးခြားခွဲထားတဲ့ အိမ်ဆီကို ဖေဖော်ဝါရီ ၁၉ ရက်က လာရောက်ခဲ့ပါတယ်။ သင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံ လူနာကို တွေ့ကြောင်း အတည်ပြုအပြီး သင်္ဘောတစီးလုံးကို ၂ ပတ်ကြာ ရောဂါခြေချုပ်နဲ့ ထိန်းသိမ်းထားခဲ့တာပါ။ ရာချီတဲ့ ဟောင်ကောင်သားတွေကို ဂျပန်-တရုတ် ၂ နိုင်ငံအစိုးရတွေ စီစဉ်ထားတဲ့ လေကြောင်းခရီးစဉ်တွေနဲ့ ပြန်ခေါ်ဖို့ စီစဉ်ခဲ့ပါတယ်။ အဲဒီနောက် ဟောင်ကောင်သား ၁၀၆ ယောက်ကို ကာသေ့ပစိဖိတ် လေကြောင်းလိုင်းက ချာတာလေယာဉ်နဲ့ ပြန်ခေါ်လာခဲ့ပါတယ်။ သူတို့ကို မြို့သစ်က အိမ်ရာသစ်မှာ ၁၄ ရက် ရောဂါခြေချုပ်နဲ့ ဆက်ပြီး စောင့်ကြည့်ဦးမှာပါ။  သင်္ဘောပေါ်က ဟောင်ကောင်သား ၃၆၄ ယောက်ထဲက ၅၅ ယောက်ဟာ ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး သူတို့နဲ့ နီးစပ်တဲ့ လူ ၃၃ ယောက်နဲ့အတူ ဂျပန်မှာ ဆက်ကျန်နေရစ်မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  ဖေဖော်ဝါရီ ၂၀ ရက် မနက် ၁၁ နာရီထိ အတည်ပြုထားတဲ့ စာရင်းအရ ကမ္ဘာတလွှား ဗိုင်းရပ်စ်ကူးစက်ခံ အရေအတွက်ဟာ ၇၅၇၂၈ ယောက် ရှိပြီး လူနာ ၂၁၂၈ ယောက် သေဆုံးခဲ့ ပြီးပါပြီ။ လူနာ ၁၆၀၀၀ ကျော် နေပြန်ကောင်းလာခဲ့ပြီး လူနာ ၁၂၀၀၀ ကျော်ကတော့  အသည်းအသန်အခြေအနေမှာ ရှိနေပါတယ်။
1 year Ago
Up