ဒုတိယကမ္ဘာစစ်အတွင်း ကိုရီးယားအမျိုးသမီးတွေကို ဖက်ဆစ်ဂျပန်တွေက ဇိမ်မယ်အဖြစ် အသုံးပြုခဲ့တဲ့ကိစ္စကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီဇင်ဘာ ၂၈ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ တွေ့ဆုံ ဆွေးနွေးကြပြီး သမိုင်းဝင် သဘောတူညီမှု ရရှိခဲ့တယ်လို့ နှစ်နိုင်ငံလုံးက ထုတ်ပြန်ကြေညာပါတယ်။
ဂျပန်စစ်တပ်တွေအတွက် ဇိမ်ခံမယ်အဖြစ် အတင်းအကျပ် ခိုင်းစေခံခဲ့ရလို့ နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ သန်းပေးဖို့ ဂျပန်အစိုးရက သဘောတူခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဂျပန်တို့ရဲ့ သိမ်းပိုက်ခံရတဲ့ နိုင်ငံတွေက အမျိုးသမီးတွေကို ဖက်ဆစ်ဂျပန်စစ်တပ်အတွက် သီးသန့် ဇိမ်ခံမယ်တွေအဖြစ် ခိုင်းစေခံရပြီး တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ အကြားမှာလည်း ဒီကိစ္စဟာ နှစ်ပေါင်းများစွာ အငြင်းပွားစရာ အရေးကိစ္စတခု ဖြစ်ခဲ့တာပါ။
တောင်ကိုရီးယားနိုင်ငံက အခုလို အဓမ္မမှုအတွက် ဂျပန်နိုင်ငံက အနူးအညွတ် တောင်းပန်ဖို့နဲ့ လျော်ကြေး ထိုက်ထိုက်တန်တန်ပေးဖို့ တောင်းဆိုလာခဲ့တာပါ။
ဒီဇင်ဘာ ၂၈ ရက်နေ့က ရရှိခဲ့တဲ့ သဘောတူညီမှုဟာ ၁၉၆၅ ခုနှစ်နောက်ပိုင်း ပထမဆုံး ပြန်လည်ရရှိခဲ့တဲ့ သဘောတူညီမှုလည်း ဖြစ်ပါတယ်။
ဒီကိစ္စကို ဆွေးနွေးဖို့ ဆိုးလ်မြို့တော်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး လာရောက်ဆွေးနွေးခဲ့ပြီး ဂျပန်ဝန်ကြီးချုပ်ကိုယ်တိုင် ဒီကိစ္စကို အနူးအညွတ် တောင်းပန်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
7 years Ago