ဇာဗီ

July 26, 2020

ဘာစီလိုနာနှင့် စပိန် ဂန္ထဝင်ကစားသမား ဇာဗီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စပိန်လက်ရွေးစင်အသင်းနဲ့ ဘာစီလိုနာ ဂန္ထဝင်ကစားသမား ဇာဗီက ထုတ်ပြန်ကြေညာပါတယ်။  အသက် ၄၀ ရှိပြီဖြစ်တဲ့ ကွင်းလယ်လူဟောင်းဟာ လက်ရှိအချိန်မှာ ကာတာကလပ် အယ်လ်ဆတ်အသင်းကို နည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး ရောဂါနဲ့ပတ်သက်လို့  အင်စတာဂရမ်ကနေ ထုတ်ဖော်ပြောဆိုခဲ့တာပါ။  ရောဂါလက္ခဏာတွေ ပြသခြင်း မရှိပေမယ့် ပြန်လည်ကျန်းမာလာတဲ့အထိ သီးသန့် နေထိုင်သွားမယ်လို့‌လည်း ဇာဗီက အင်စတာဂရမ်ကတဆင့် ပြောပါတယ်။  “ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ ကာတာလိဂ်ရဲ့စည်းမျဉ်းတွေအရ ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှု ခံယူခဲ့ပြီး ရောဂါကူးစက်ခံထားရကြောင်းကို တွေ့ခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အခုချိန်မှာ အရာအားလုံး အဆင်ပြေနေပါတယ်။ ဒါပေမဲ့ သတ်မှတ်ချက်တွေအရ ရောဂါအရှင်း ပျောက်ကင်းသွားတဲ့အထိ သီးသန့်ခွဲခြားနေထိုင်သွားမှာပါ။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ ခွင့်ပြုချက်ရရှိပြီးရင် ပုံမှန်အတိုင်းအလုပ်တွေကို  ပြန်လည်ဆောင်ရွက်သွားမှာဖြစ်ပေမယ့် အခု ချိန်မှာတော့ အသင်းရဲ့ပွဲစဉ်တွေကို လက်ထောက်နည်းပြက တာဝန်ယူသွားမှာဖြစ်ပါတယ်။”  ဘာစီလိုနာ ကွင်းလယ်လူဟောင်း ဇာဗီဟာ အယ်လ်ဆတ်အသင်းကို ၂၀၁၉ ခုနှစ်မေလက စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် AFC ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းကို ဆီမီးဖိုင်နယ်အဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။  နည်းပြအဖြစ် မဆောင်ရွက်ခင် အယ်လ်ဆတ်အသင်းမှာ ကစားသမားအဖြစ် ၄ နှစ်ကစား ခဲ့တဲ့ ဇာဗီဟာ အခုလအစောပိုင်းမှာ အသင်းနဲ့ ၁ နှစ်သက်တမ်းတိုးခဲ့ပါတယ်။ ဒီလိုသက်တမ်းတိုးခဲ့ပေမယ့် ဇာဗီဟာ ဘာစီလိုနာနည်းပြရာထူးကို မကြာခင်ရယူတော့မယ့်သူအဖြစ် ရေပန်းစားနေဆဲပဲ ဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းကို နည်းပြဖို့က သူ့အတွက် အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်တယ်လို့ ပြီးခဲ့တဲ့လမှာ  ဝန်ခံထားပါတယ်။  “ကျနော့်ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်ကတော့ ဘာစီလိုနာအသင်းကို နည်းပြခွင့် ရရှိဖို့နဲ့ အသင်းကို အောင်မြင်မှုတွေဆီ ပြန်လည်ခေါ်ဆောင်သွားဖို့ပါပဲ” လို့လည်း ဇာဗီကပြောပါတယ်။
1 year Ago

July 14, 2020

ဇာဗီ တစ်ချိန်မှာ ဘာစီလိုနာနည်းပြ ဖြစ်လာနိုင်ဟု အသင်းဥက္ကဋ္ဌ ဘာတိုမြူ သုံးသပ်

နည်းပြဇာဗီဟာ တစ်ချိန်မှာ ဘာစီလိုနာအသင်းနည်းပြ ဖြစ်လာလိမ့်မယ်လို့ အသင်းဥက္ကဋ္ဌ ဘာတိုမြူက ပြောပါတယ်။  ဇာဗီဟာ လာမယ့်ရာသီမှာ ဘာစီလိုနာနည်းပြ ဖြစ်လာလိမ့်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် ကာတာကလပ်အယ်လ်ဆက်အသင်းနဲ့ တစ်နှစ်သက်တမ်းတိုးခဲ့တာပါ။ နည်းပြ ဇာဗီဟာ အနှေးနဲ့ အမြန် ဘာစီလိုနာနည်းပြ ဖြစ်လာမှာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့  နည်းပြဆက်တီယန် ကိုင်တွယ်နေဆဲ ဖြစ်တာကြောင့် နည်းပြတစ်ဦး ရှာဖွေနေတဲ့အချိန်လည်း မဟုတ်ကြောင်း အသင်းဥက္ကဋ္ဌ ဘာတိုမြူက ပြောပါတယ်။ လာမယ့်ရာသီမှာလည်း နည်းပြဆက်တီယန်ပဲ ဆက်လက်ကိုင်တွယ်ဖို့ ရှိပေမယ့် အနာဂတ်နဲ့ ပတ်သက်ပြီး ရာသီကုန်ဆုံးချိန်မှာ သူ့ဘက်က ဘယ်လို ဆုံးဖြတ်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့လည်း ဘာတိုမြူက ပြောပါတယ်။
1 year Ago
More News
Up