ဇာကာမြို့ခံ

March 31, 2020

ဂျော်ဒန်စစ်တပ် ဇာကာမြို့ခံများအတွက် ကူညီရေးပစ္စည်းများလိုက်ဝေ

ဂျော်ဒန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေးအတွက် အစိုးရက နိုင်ငံထဲမှာ အသွားအလာကို တင်းတင်းကြပ်ကြပ် ပိတ်ပင်အကောင်အထည်ဖော်နေချိန်မှာ ဂျော်ဒန်စစ်တပ်ဟာ ဇာကာမြို့ခံတွေကို မတ်လ ၂၉ရက်က ကူညီရေး ပစ္စည်းထုပ်တွေ လိုက်ဝေခဲ့ပါတယ်။  အစိုးရပိုင် လူမှုလုံခြုံရေးကော်ပိုရေးရှင်းက ရံပုံငွေ ထုတ်ပေးတဲ့ စည်သွပ်ဘူးတွေနဲ့ စားသုံးဆီတွေပါတဲ့ ကူညီရေးပစ္စည်းထုပ်တွေကို မိသားစု ၃၀၀၀၀ ဆီ ဖြန့်ဝေ ပေးခဲ့တာပါ။  နိုင်ငံတွင်း အသွားအလာပိတ်ခဲ့လို့ အလုပ်လက်မဲ့ ဖြစ်ကုန်တဲ့ လုပ်သားတွေဆီ နောက်ထပ် ကူညီရေးပစ္စည်းတွေ ပေးပို့နိုင်ဖို့ မျှော်လင့်တယ်လို့ လူမှုလုံခြုံရေး ကော်ပိုရေးရှင်း ပြောခွင့်ရ မူဆာ အက်စ်ဘေးဟီက ပြောပါတယ်။ ဘုရင် အဗ်ဒူလာက အရေးပေါ် ဒီဂရီ အမိန့် ထုတ်ပြန်ပြီး အစိုးရက လိုအပ်ရင် စစ်တပ်သုံး နေဝင်မီးငြိမ်း အမိန့်နဲ့ အုပ်ချုပ်ဖို့ အရပ်ဘက် နိုင်ငံရေးဘက် လွတ်လပ်ခွင့်တွေ ကန့်သတ်ဖို့ အခွင့်အာဏာ ပေးခဲ့တာပါ။  ဂျော်ဒန်နိုင်ငံမှာ အသက် ၈၀ကျော် အမျိုးသမီး တယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးခဲ့တယ်လို့ အစိုးရမီဒီယာက မတ်လ ၂၈ရက်မှာ ကြေညာပါတယ်။  ဂျော်ဒန်မှာ စနေနေ့ထိ ဗိုင်းရပ်စ် ကူးစက်ခံ လူနာ ၂၄၆ယောက်ရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးက ကြေညာထားပါတယ်။
1 year Ago
Up