ဇလွန်မြို့

September 15, 2021

ဇလွန်မြို့တွင် ငါးကန်လုပ်သား ၅ ဦးကို PDF ဟုစွပ်စွဲကာ စစ်ကောင်စီ ဖမ်းဆီး

ဧရာဝတီတိုင်း၊ ဇလွန်မြို့မှာ စက်တင်ဘာ ၁၄ ရက်က ငါးကန်လုပ်သား ၅ ဦးကို PDF တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲကာ အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။

ဇော်ဂျီကွင်းကျေးရွာအုပ်စု၊ တလိုင်းပုန်းကျေးရွာမှာရှိတဲ့ ဦးကျော်ငြိမ်းပိုင်တဲ့ ငါးကန်ထဲမှာ အလုပ်လုပ်နေသူ ၅ ဦးကို PDF လို့စွပ်စွဲ ပြီးဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

"သူတို့က ငါးကန်လုပ်သားတွေပါ။ သတင်းပေးတွေကြောင့် အဖမ်းခံရတာ ယောကျ်ားတွေ အလုပ်လုပ်တော့ မိန်းမတွေက ထမင်းဟင်း ချက်ပေးတယ်။ အဲ့တာကို အကုန်ဖမ်းသွားတယ်''လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ငါးကန်တဲထဲမှာ ခိုအောင်းနေတဲ့ PDF တပ်ဖွဲ့ဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးကို လက်လုပ်သေနတ် ၈ လက်နဲ့အတူ ဖမ်းမိ တယ်ဆိုပြီး စစ်တပ်ကို သတင်းပို့ခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ NUG အစိုးရက အရေးပေါ်ကြေညာပြီး နောက်ပိုင်း ညပိုင်း ဧည့်စာရင်းစစ်တာတွေနဲ့ ပိတ်ဆို့စစ်ဆေးတာတွေကို အရင်ကထက် ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

1 month Ago
Up