ဇနီးဟောင်းနှင့်ရှေ့နေ

October 7, 2021

ဇနီးဟောင်းနှင့်ရှေ့နေများကို UAE စော်ဘွား ခြိမ်းခြောက်ဟု ဗြိတိန်တရားရုံး ဆုံးဖြတ်

အာရပ်စော်ဘွားများပြည်ထောင်စု UAE စော်ဘွား ရှိတ်ခ် မိုဟမ်မဒ် ဘင် ရာရှိဒ် အယ်လ် မတ်ခ်တွန်ဟာ သူ့ဇနီးဟောင်းနဲ့ ဇနီးဟောင်းရဲ့ ရှေ့နေတွေ ကိုင်တဲ့ဖုန်းတွေကို ဖောက်ထွင်းဖို့ အမိန့်ထုတ်ခဲ့တယ်လို့ ဗြိတိန်ရားရုံးချုပ်က အောက်တိုဘာ ၆ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

ကလေးတွေကို အုပ်ထိန်းခွင့်နဲ့ပတ်သက်ပြီး တရားရင်ဆိုင်နေချိန်မှာ ခြိမ်းခြောက် နှောင့်ယှက်တဲ့ လုပ်ရပ်ပဲလို့လည်း ဆိုပါတယ်။

စော်ဘွားဟာ နိုင်ငံတော်လုံခြုံရေး ဘေးအန္တရာယ်ကိုကာကွယ်ဖို့ အစိုးရတွေအတွက် အစ္စရေးလုပ်ငန်း NSO က တီထွင်ထုတ်လုပ်ထားတဲ့ ခေတ်မီ ပေဂါးဆပ် ဆော့ဖ်ဝဲလ်ကို သုံးခဲ့တယ်လို့ တရားရုံးဆုံးဖြတ်ချက်က ဆိုပါတယ်။

 သူဟာ မင်းသမီး ဟာယာ ဘင် အယ်လ်ဟူစိန်၊ ဂျော်ဒန်ဘုရင် အဗ်ဒူလာရဲ့ ညီမ၊ သူနဲ့နီးနီးကပ်ကပ် အဆက်အသွယ်ရှိတဲ့ လူတချို့တို့ရဲ့ ဖုန်းတွေကို ဖောက်ထွင်းဖို့ အမိန့်ပေး ခဲ့တယ်လို့လည်း တရားရုံး ဆုံးဖြတ်ချက်က ဆိုပါတယ်။

 ဒါ့အပြင် ဗြိတိန်မြို့တော် လန်ဒန်က ဟာယာ မင်းသမီးရဲ့ အိမ်နားမှာ အိမ်တလုံးဝယ်ဖို့ကို လည်း စော်ဘွားရဲ့လူတွေက ကြိုးစားခဲ့ကြတာကြောင့် မင်းသမီးဟာ အမဲလိုက်ခံရသလို ဘေးမကင်းသလို ခံစားခဲ့ရလို့ အသက်တောင် ဆက်မရှူနိုင်လောက်အောင် ဖြစ်ခဲ့တယ်လို့လည်း တရားရုံးက ဆုံးဖြတ်ပါတယ်။

စော်ဘွားဟာ သမီးတွေထဲက ၂ ယောက်ကို သူတို့ဆန္ဒမပါဘဲ ထိန်းသိမ်းထားပြီး နှိပ်စက်ခဲ့တယ်လို့ ၁၉ လကြာတဲ့ တရားရုံး ကြားနာပွဲအပြီးမှာ တရားရုံးက ကောက်ချက်ချ ခဲ့ပါတယ်။

စော်ဘွားကတော့ ဖောက်ထွင်းမှုတွေကို ငြင်းဆိုပြီး အရှေ့အလယ်ပိုင်းက တခြားနိုင်ငံတွေက ဖောက်ထွင်းတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြန်လှန် ငြင်းခုန်ခဲ့ပါတယ်။

 ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ထဲမှာ ကလေးတွေဟာ မိခင်နဲ့ နေသင့်တယ်လို့ ဆုံးဖြတ်ထားပါတယ်။

အသက် ၄၇ နှစ်အရွယ် မင်းသမီးဟာယာဟာ အသက် ၁၃ နှစ်နဲ့ ၉ နှစ်အရွယ် သမီး ၂ ယောက်နဲ့အတူ ဗြိတိန်ကို ထွက်ပြေးလာခဲ့ပြီးကတည်းက အသက် ၇၂ နှစ်အရွယ် စော်ဘွားနဲ့ တရားခွင်မှာ ရင်ဆိုင်နေခဲ့တာပါ။ 

ဗြိတိန်ရဲ့ နာမည်အကြီးဆုံး ရှေ့နေတွေကို ငှားရမ်းခဲ့လို့ တရားရုံး ကုန်ကျစရိတ်ဟာ စတာလင်ပေါင် သန်းချီ ကုန်ကျခဲ့ပြီးပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

1 year Ago
Up