ဇနီးမောင်နှံ နှစ်ဦး

February 27, 2020

ဂျပန်ပြန် ထိုင်းဇနီးမောင်နှံထံမှ ကိုရိုနာဗိုင်းရပ်စ် မြေးဆီကူးစက်၊ လူ ၁၀၀ ကျော် စောင့်ကြည့် 

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဒွန်းမောင်းနယ်မြေထဲမှာ ဂျပန်ကနေ ပြန်ရောက်လာတဲ့ အဘိုးအဘွား အရွယ် ဇနီးမောင်နှံ နှစ်ဦးထံက ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့အပြင် တအိမ်တည်းနေ မြေးလေးပါ ကူးစက်ခံရလို့ သူတို့နဲ့နီးစပ်သူ၊ ပတ်သက်ခဲ့သူ စုစုပေါင်း လူ ၁၀၀ ကျော်ကို  သတိထား စောင့်ကြည့်နေရပါတယ်။  အသက် ၆၅ နှစ်ရွယ် ဇနီးမောင်နှံဟာ ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၂၀ ရက်အထိ ၅ ရက်ကြာ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးပြည်နယ်ကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။  ထိုင်းပြန်ရောက်ပြီး မကြာခင် အဘိုးဖြစ်သူမှာ ဖျားနာ၊ ချောင်းဆိုးလာတာကြောင့် ဘီကဲလ် မက်ဒီကယ်လ်စင်တာ ပုဂ္ဂလိကဆေးရုံမှာ တက်ရောက်ကုသခဲ့ပါတယ်။ အဘိုးဖြစ်သူမှာ ဂျပန်သွားခဲ့ကြောင်း ဆရာဝန်ကို ပြောမပြဘဲ ဖေဖော်ဝါရီ ၂၃ ရက်မှာ ဆေးစစ်ချက်အဖြေက ကိုရိုနာဗိုင်းရပ်စ်အပေါင်းဖြစ်နေတော့မှ  ခရီးသွားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အလားတူ အဘိုးကိုလာပြုစုတဲ့ အဘွားဖြစ်သူကို ဆေးစစ်ရာမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံနေရပြီ ဖြစ်ပါတယ်။  ဒါ့အပြင် ဂျပန်ကပြန်လာတဲ့ အဘိုးအဘွားနဲ့ လက်ပွန်းတတီးနေခဲ့တဲ့ အသက် ၈ နှစ်ရွယ် ကျောင်းသားလေးမှာလည်း နေမကောင်းလို့ ဆေးရုံပြရာမှာ ဗိုင်းရပ်ကူးစက်နေကြောင်း တွေ့ရှိရလို့ အဆိုပါကလေးတက်ရောက်နေတဲ့ ဒွန်းမောင်းဖရဟာလိထိုင်း စာသင်ကျောင်းက အခန်းဖော် ၅၀ ကို ၁၄ ရက် ကျောင်းမတက်ဖို့ ညွှန်ကြားထားပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်ခံနေရပါတယ်။  အဆိုပါ အဘိုးအဘွားနေထိုင်တဲ့ အိမ်က ကျန်မိသားစုဝင်တွေအားလုံးလည်း အနီးကပ်စစ်ဆေး စောင့်ကြည့်ခံနေရပြီး သားဖြစ်သူမှာလည်း ဘဏ်ဝန်ထမ်းဖြစ်တာကြောင့် လက်ရှိ အဲဒီဘဏ်မှာလည်း ပိုးသတ်ဆေးတွေဖျန်းပြီး ခေတ္တပိတ်ထားရပါတယ်။  အဘိုးအဘွား တက်ရောက်ကုသနေတဲ့ ဆေးရုံက ကျန်းမာရေး ဝန်ထမ်းပေါင်း ၃၀ မှာလည်း ကျန်းမာရေးအထူးသတိပြုစောင့်ကြည့်နေကြရပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ရောဂါပျိုးချိန် ကာလ ၁၄ ရက်ထိ ဘာလက္ခဏာမှ မပြတတ်လို့ အဘိုး အဘွားနဲ့အတူ လေယာဉ်တစီးတည်း လိုက်ပါစီးနင်းခဲ့သူတွေကိုပါ စိုးရိမ်စိတ်ဖြစ်ပေါ်စေခဲ့ပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဒုကျန်းမာရေးဝန်ကြီး ဒေါက်တာအနုထင်း ချန်းဝီရကွန်းက ခရီးသွားခဲ့ကြောင်း ထိန်ချန်ခဲ့သူ အဘိုးအား အပြစ်တင်လိုကြောင်း ယမန့်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။  ဒါ့အပြင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ၊ လေကြောင်းလိုင်းတွေအနေနဲ့လည်း လေယာဉ်ဈေးနှုန်းတွေလျော့ပေးပြီး မိမိစီးပွားရေးအကျိုးကို ရှာဖွေဖို့ထက် တိုင်းပြည်ရဲ့ ကျန်းမာရေးပေါ်အလေးထားစေလိုကြောင်း၊ ခရီးသွားလာသူတွေအနေနဲ့လည်း အထူးသဖြင့် တရုတ်၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုးရီးယား၊ အီတလီ၊ အီရန်နဲ့ အမေရိကန်စတဲ့ နိုင်ငံတွေသွားလာရင် ဂရုစိုက်ဖို့ ပြောပါတယ်။  ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂၆ ရက်အထိ ကိုရိုနားဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပေါင်းအယောက် ၄၀ ရှိပြီး ၂၄ ဦးမှာ သက်သာရာရလို့ ဆေးရုံက ဆင်းသွားပြီလို့ ထိုင်းကျန်းမာရေးဌာနက ပြောပါတယ်။  ကိုးကား-thaipbs.or  
1 year Ago
Up