ဇနီးက ခင်ပွန်းအား

July 22, 2017

ဇနီးက ခင်ပွန်းအား သတ်သည့်အမှုကို အိမ်မွေးကြက်တူရွေးလေးမှ ဖော်ထုတ်

အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ် ဆန်းလိတ်က်ရွာမှာ ခင်ပွန်းကို အမျိုးသမီးဖြစ်သူက သေနတ်နဲ့ ပစ်သတ်ခဲ့တာကို ကြက်တူရွေးက မျက်မြင်သက်သေအဖြစ်နဲ့ အမျိုးသမီး လူသတ်မှု ကျူးလွန်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လူသတ်မှုကျူးလွန်ခဲ့တဲ့ မစ္စက်ဂလန်နာဒူရန် အသက် ၄၉ နှစ် ကို လာမယ့် သြဂုတ်လ ၂၈ ရက်နေ့မှာ စီရင်ချက်ချမယ်လို့ သည်ဆန်းသတင်းမှာ ဇူလိုင်လ ၂၂ ရက်နေ့က ဖော်ပြထားပါတယ်။ အမှုကို ဖော်ထုတ်နိုင်ပုံက သူတို့စုံတွဲရဲ့အိမ်မှာ မွေးထားတဲ့ ကြက်တူရွေးလေး ဘက်ဒ်ဟာ သေဆုံးသူခင်ပွန်းရဲ့ မသတ်ဖို့ တောင်းပန်တဲ့ စကားကို ထပ်တလဲလဲ လိုက်ပြောရင်း  ကူညီဖော်ထုတ်ပေးနိုင်ခဲ့တာပါ။ သတ်ခံရသူအမျိုးသား မာတင်ရဲ့မိသားစုဝင်တွေကလည်း ဒီစုံတွဲရဲ့ အာဖရိကန်ဂရေး အမျိုးအစား မီးခိုးရောင် အိမ်မွေး ကြက်တူရွေးလေးက “မပစ်နဲ့” ဆိုပြီး သတ်ခံရသူ အမျိုးသားရဲ့ အသံမျိုးနဲ့ ထပ်တလဲလဲ ပြောနေကြောင်း အခိုင်အမာပြောကြလို့ တရားရုံးမှာ အမှုကြားနာစဉ် အတွင်း အိမ်မွေးကြက်တူရွေးလေး ဘက်ဒ်က အဓိက သက်သေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက မစ္စက်ဂလန်နာက သူမရဲ့ခင်ပွန်းဖြစ်သူကို မာတင်ကို ဘက်ဒ်လို့ခေါ်တဲ့ ကြက်တူရွေးလေးရှေ့မှာ သေနတ်နဲ့ ၅ ကြိမ်ပစ်ခတ်ခဲ့ပြီး သူမကိုယ်သူမ သတ်သေခဲ့ပေမယ့် သူမရဲ့ကိုယ့်ကိုယ်ကိုယ် သတ်သေမှုက အထမမြောက်ခဲ့ပါဘူး။ လူသတ်မှုဖြစ်တဲ့ညက “မပစ်နဲ့” လို့ဆိုတဲ့ စကားနဲ့အဆုံးသတ်တဲ့ စကားအခြေအတင် ပြောတာတွေကို ကြက်တူရွေးလေးက ထပ်ပြောနေခဲ့တယ်လို့ ကြက်တူရွေးလေး ဘက်ဒ်ကို လက်ရှိအချိန်မှာ မွေးမြူထားတဲ့ မာတင်ရဲ့ဇနီးဟောင်းဖြစ်သူ ခရစ်စတီနာကယ်လာက ပြောပါတယ်။ ဒီလိုထိတ်လန့်စရာ သေဆုံးမှုအပြီး ဘက်ဒ်က အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကြား အပြန်အလှန် စိတ်ဆိုးဒေါသထွက်ပြီး ကြိမ်ဆဲနေကြတဲ့ စကားတွေကို အကျယ်ကြီး ရေရွတ်နေခဲ့တာပါ။ ကြက်တူရွေးလေးပြောတဲ့အထဲမှာ “ထွက်သွား” “ငါက ဘယ်ကိုသွားရမလဲ” စတဲ့စကားတွေလည်း ပါပါတယ်။ သေဆုံးသူရဲ့ မိခင်ဖြစ်သူကလည်း “ကြက်တူရွေးလေးက ပြောခဲ့တာမှန်သမျှကို လိုက်ပြောနေပြီး သူဒီလို စိတ်ဆိုးဒေါသထွက်ပြီး ပြောခဲ့တဲ့စကားတွေကနေ အမှုဖော်ထုတ်နိုင်ခဲ့တာ” လို့ ပြောပါတယ်။
5 years Ago
Up