ဇနီးကို အခြားအမျိုးသားနှင့်

July 30, 2017

ဇနီးကို အခြားအမျိုးသားနှင့်သံသယဖြစ်ပြီး သန်းကြွယ်သူဌေး ဆွဲကြိုးချသတ်သေ

သန်းကြွယ်သူဌေးတဦး သေဆုံးခဲ့မှုဟာ သူ့ရဲ့ဇနီးသည်ကို အမျိုးသားတဦးနဲ့ သံသယရှိပြီး သူ့ကိုယ်သူ ဆွဲကြိုးချသတ်သေခဲ့တာဖြစ်ကြောင်း တရားရုံးက ဇူလိုင် ၂၈ ရက်နေ့က စီရင်ချက်ချခဲ့တယ်လို့ သည်ဆန်းသတင်းမှာ ဖော်ပြထားပါတယ်။ အင်္ဂလန်နိုင်ငံ ဘုန်းမောက်သ်မြို့က အသက် ၅၂ နှစ်အရွယ် ဆော့ဖ်ဝဲလ်ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ သန်းကြွယ်သူဌေး ဖီလ်စမစ်သ်က ဇနီးသည်ကို အခြားအမျိုးသားတဦးနဲ့တွေ့ပြီး မသေခင်ရက်ပိုင်းတွေအလိုမှာ သူ့ရဲ့ဇနီးသည်ဖြစ်သူ ဗွိုင်အိုလက်၊ သမီး ၃ ဦးတို့နဲ့ နေတဲ့ ပေါင် ၁.၅ သန်းတန် အိမ်ကြီးကနေ ရွှေ့ပြောင်းသွားခဲ့ပါတယ်။ မစ္စတာစမစ်သ်က မိတ်ဆွေတွေနဲ့ညစာစားပြီးနောက် သူ့လင့်ရိုဗာကားမှာရှိတဲ့ ခြေရာခံကိရိယာကို ပိတ်ပြီး ၃၇ မိုင်အကွာမှာ ရှိတဲ့ သူ့ရဲ့တောင်ပေါ် သစ်လုံးအိမ်လေး ရှိရာကို ကားမောင်းသွားခဲ့တာပါ။ အဲ့ဒီမှာ သူ့ကိုယ်သူ ဆွဲကြိုးချသေခဲ့ပြီး အဲ့ဒီနောက် သူ့ရဲ့အလောင်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေါဆက်ကောင်တီရဲ့ အကြီးတန်း သေမှုသေခင်း စုံစမ်းရေး  အရာရှိ ရေချယ်လ်ဂရစ်ဖင်က ဘုန်းမောက်မှာ ဇူလိုင် ၂၈ ရက်နေ့က မစ္စတာစမစ်သ်ရဲ့ ကိုယ့်ကိုယ်ကို ကြိုးဆွဲချသတ်မှုနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။ “သူ့ဘဝအတွက် ဘာစီစဉ်ထားတယ်ဆိုတဲ့ အသေးစိတ်တွေကို ဘယ်တော့မှ မပြောဘူး၊ ဒါပေမယ့် အရင်တုန်းက ပြောဘူးတာက ဒီမှာ မနေချင်တော့ဘူးဆိုတာပဲ ပြောခဲ့ဘူးတယ်။ သူက လူသူမနီးတဲ့ နေရာကို သွားချင်တယ်၊ သူ့ကားပေါ်က ခြေရာခံ ကိရိယာကို ပိတ်ထားလိုက်ပြီး သူကို ရှာတွေ့မှာ၊ သူလုပ်မှာ၊ တားဆီးမှာတွေ မဖြစ်စေချင်ဘူး။” မစ္စတာစမစ်သ်က ယခင်အိမ်ထောင်နဲ့ ကလေး ၂ ဦးရှိပြီး လက်ရှိအိမ်ထောင် ဗွိုင်အိုလက်နဲ့ အိမ်ထောင်သက် ၁၃ နှစ်ရှိပြီလို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်မှာ သူလေဖြတ်ခဲ့ပြီး စိတ်ကျဝေဒနာခံစားခဲ့ရပါတယ်။ မစ္စစမစ်သ် ဗွိုင်အိုလက် ကတော့ တရားရုံးမှာ သူမဟာ အခြားအမျိုးသားနဲ့ ဆက်ဆံရေး မရှိကြောင်း၊ သူ့ခင်ပွန်းက အထင်နေတာသာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ “ကျမတို့ အတူနေနေကြတယ်။ ဒါပေမယ့် ကျမတို့ ခဏခဏ ရန်ဖြစ်ရတယ်။ သူမသေခင် အိမ်ကနေပြောင်းပြီး သူငယ်ချင်းတွေနဲ့ သွားနေတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ကွဲဖို့ဆွေးနွေးကြသေးတယ်။ သူကတော့ ကျမကို အရမ်းချစ်တယ်၊ ကျမ မရှိပဲ သူ့ဘဝကို တွေးလို့တောင် မရဘူး” လို့ ဇနီးသည်ဖြစ်သူက ပြောပါတယ်။ သမီးဖြစ်သူ ခိုင်နာကတော့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ သူမ ဖခင်ကို မျက်ရည်တွေ ကျနေတာ တွေ့ကြောင်း၊ သူ ဒေါချက်စတာမြို့ကို သွားတုန်းက ဗွိုင်အိုလက်ကို အခြားအမျိုးသားတဦးနဲ့ တွေ့တယ်လို့ သူမကို ပြောကြောင်း” စုံစမ်းရေး အရာရှိတွေကို ပြောပါတယ်။
4 years Ago
Up