ဇနီးကို ကွာရှင်းခပေးရန် ၅ လသားကလေးကို ရောင်းချဖို့ကြံစည်သည့် ဖခင်ကို ရဲဖမ်းဆီး

January 18, 2017

ဇနီးကို ကွာရှင်းခပေးရန် ၅ လသားကလေးကို ရောင်းချဖို့ကြံစည်သည့် ဖခင်ကို ရဲဖမ်းဆီး (ရုပ်သံ)

တရုတ်နိုင်ငံမှ အမျိုးသားတဦးဟာ ဇနီးဖြစ်သူကို ကွာရှင်းခ ကားတစီးဝယ်ပေးနိုင်ရေး ၅ လသားအရွယ် ကလေးငယ်ကို ရောင်းချဖို့ ကြံစည်ခဲ့တဲ့အတွက် ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သူဟာ ဇနီးဖြစ်သူနဲ့ ကွာရှင်းချင်နေတာဖြစ်ပြီး ဇနီးဖြစ်သူက သူ့ကိုကွာရှင်းမယ်ဆိုရင် ကားတစီးဝယ်ပေးရမယ်လို့ ပြောခဲ့တာမို့ ခုလိုလုပ်ခဲ့တာဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ လင်ယီမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ရဲတွေက မသင်္ကာတာမို့ ခေါ်ယူစစ်ဆေးခဲ့ချိန်မှာ ပေါ်ပေါက်ခဲ့တာပါ။ ဇန်လို့အမည်ရတဲ့ အဲဒီအမျိုးသားဟာ ဂျင်ယီလမ်းနဲ့ လင်ယီဆန် ဖြတ်လမ်းထောင့် လမ်းဆုံလမ်းခွတနေရာမှာ ကလေးငယ်ကို ပွေ့ချီပြီး အွန်လိုင်းမှတဆင့် ဝယ်ယူမယ့်သူကို အချိန် ၁၀ မိနစ်လောက်ကြာအောင် ရပ်စောင့်နေခဲ့တာပါ။ အဝတ်အထည် လုံလုံလောက်လောက် ဝတ်ပေးမထားတဲ့ ကလေးငယ်ဟာ အေးစက်လွန်းတာမို့ ငိုယိုနေခဲ့ချိန်မှာ ရဲတွေက မသင်္ကာတဲ့အတွက် ခေါ်ယူစစ်ဆေးခဲ့တာပါ။ သူဟာ ကလေးငယ်ကို တရုတ်ယွမ်ငွေ ၈ သောင်းနဲ့ ရောင်းချဖို့ သဘောတူထားခဲ့တယ်လို့ ရဲတွေကို ဝန်ခံထွက်ဆိုလိုက်ပါတယ်။ သူက သားဖြစ်သူကို အိမ်ကောင်းကောင်းနဲ့ နေနိုင်စေဖို့ မျှော်လင့်တယ်လို့ ရဲတွေကို ပြောလိုက်ပြီး “ခင်ဗျားတို့မှာ ကလေးတယောက်ရှိလာပြီဆိုရင် ကွာရှင်းပြတ်စဲဖို့ ခက်သွားပြီ” လို့ ဆက်ပြောပါတယ်။ လက်ရှိမှာတော့ သူ့ကို လူကုန်ကူးမှုနဲ့ ဖမ်းဆီးအရေးယူထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတာပါ။ တရုတ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာ ဝေဘိုပေါ်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။ ဖခင်ရဲ့ လူမဆန်တဲ့ ဒီအပြုအမူနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ပြောဆိုနေကြကာ ခုတကြိမ်မှာ ကလေးငယ်ကို ကယ်တင်လိုက်နိုင်ပေမယ့် နောက်တကြိမ် ခုလို ကျူးလွန်နိုင်သေးတယ်လို့ အင်တာနက်အသုံးပြုသူတဦးက ပြောပါတယ်။ နောက်တဦးကတော့ ကလေးငယ်ကို ခုလို ရက်ရက်စက်စက်လုပ်ရက်တာကို ဝေဖန်ပြီး သူ့ကိုယ်မှာ အဝတ်အစား ပြည့်ပြည့်စုံစုံဝတ်ထားပြီး ကလေးငယ်ကို လုံလောက်အောင် ဝတ်ထားမပေးခဲ့တာကို ဝေဖန်လိုက်ပါတယ်။
5 years Ago
Up