ဇစ်ကာဗိုင်းရပ်စ်

January 23, 2016

ခြင်ကတဆင့် ကူးစက်ပြီး ဦးနှောက်ကို ထိခိုက်စေသည့် ဇစ်ကာ ဗိုင်းရပ်စ် ပျံနှံ့မှု သတိပေး

ခြင်ကတဆင့် ကူးစက်ပြီး ဦးနှောက်ကို ထိခိုက်စေတဲ့ ဇစ်ကာ ဗိုင်းရပ်စ် ပျံနှံ့လာမှုကြောင့် အာဖရိကနဲ့ သမုဒ္ဒရာပိုင်း နိုင်ငံတွေကို သွားရောက်မယ့် ကိုယ်ဝန်ဆောင် ခရီးသွားတွေကို သတိထားဖို့ အမေရိကန် ကျန်းမာရေးအရာရှိတွေက ထုတ်ပြန်ပါတယ်။ အောက်တိုဘာလက စပြီး ဇစ်ကာ ဗိုင်းရပ်စ်ကြောင့် ပုံမှန်မဟုတ်တဲ့ သေးငယ်တဲ့ ဦးခေါင်းနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနှေးကွေးတဲ့ ကလေးတွေ မွေးဖွားတဲ့ အရေအတွက် ၄ ထောင်နီးပါး ရှိသွားပြီလို့ ဘရာဇီးက ကြေညာခဲ့ပြီးတဲ့နောက် အခုလို သတိပေးချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ကြောင့် ဘရာဇီးဟာ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ဘရာဇီးက ဆိုပါတယ်။ ဒီဗိုင်းရပ်စ်ကြောင့် အမေရိက အလယ်ပိုင်းနဲ့ တောင်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ဘိုလီးဘီးယား၊ အီကွေဒေါ၊ ဂူယာနာ၊ ဘရာဇီး၊ ကိုလံဘီယာ၊ မက္ကဆီကို၊ ပနားမား၊ ဟွန်ဒူးရပ်စ်စတဲ့ နိုင်ငံတွေ၊ ကာရစ်ဗီယန် နိုင်ငံတွေ၊ သမုဒ္ဒရာပိုင်းဆိုင်ရာ နိုင်ငံတွေနဲ့ အာဖရိက က ကိတ်ဗာဒီနိုင်ငံတွေကို မသွားဖို့လည်း ထုတ်ပြန်ထားပါတယ်။ ဇစ်ကာဗိုင်းရပ်စ်ဟာ သွေးလွန်တုပ်ကွေး ရောဂါကို သယ်ဆောင်တဲ့ အေဂျစ်တီ ခြင်ကြောင့် ပြန့်ပွားတာဖြစ်ပြီး ၁၉၄၀မှာ အာဖရိကမှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိတော့ လက်တင် အမေရိကကို ပျံနှံ့လာတာ ဖြစ်ပါတယ်။ ကလေးတွေ မွေးရင် ပုံမှန်ထက်ငယ်တဲ့ ဦးခေါင်းနဲ့ မွေးဖွားတဲ့ ကလေးတွေနဲ့ ဒီဗိုင်းရပ်စ်ဟာ ဆက်စပ်မှုရှိတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖျားနာနိုင်သလို ရောဂါလက္ခဏာ မတွေ့ရဘဲ ကုသမယ့်ဆေးကို မသိရဘူးလို့ ဆိုပါတယ်။ အကောင်းဆုံးရှောင်ရှားနိုင်မယ့် နည်းလမ်းကတော့ ခြင်တွေ ပေါက်ဖွားနိုင်တဲ့ ရေသေတွေကို ရှင်းလင်းဖယ်ရှားပြီး ခြင်ကိုက်ခံရမယ့်ဘေးကနေ ရှောင်ရှားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
6 years Ago
Up