ဇင်ဘာဘွေ

December 26, 2020

တောင်အာဖရိကနှင့် ဇင်ဘာဘွေ နယ်စပ်ဖြတ်ကျော် ကြန့်ကြာမှုကြောင့် ၁၅ ဦး သေဆုံး

ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေကြောင့် တောင်အာဖရိကနဲ့ ဇင်ဘာဘွေ နယ်စပ် ဖြတ်ကျော်ရာမှာ ကြန့်ကြာတာတွေရှိပြီး မကြာသေးခင် သီတင်းပတ်တွေမှာ လူ ၁၅ ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ်။ ဇင်ဘာဘွေဘက်ခြမ်း ဘိုက်ဘရစ်ချ်မြို့မှာ ဆေးဝါးကိရိယာ မရှိတာကြောင့် ပင်ပန်းနွမ်းနယ်၊ ကျန်းမာရေးမကောင်းဖြစ်ပြီး အများအပြား သေဆုံးရတယ်လို့ ဒေသမီဒီယာက ဖော်ပြပါတယ်။ ဒီလို သေဆုံးတာတွေနဲ့ပတ်သက်လို့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို တောင်အာဖရိကအစိုးရနဲ့ ရဲတပ်ဖွဲ့က မဖြေကြားသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးတာတွေကြောင့် အားလပ်ရက်မှာ ရွှေ့ပြောင်းလုပ်သားတွေ မိခင်နိုင်ငံ ပြန်ခွင့်ရဖို့ အချိန်တွေ ပိုပြီးကြန့်ကြာခဲ့ရပါတယ်။ ဇင်ဘာဘွေ ရွှေ့ပြောင်းလုပ်သား ၁ သန်းခွဲ လက်ခံထားတဲ့ တောင်အာဖရိကဟာ ကိုဗစ် ကူးစက်မှု ဒုတိယလှိုင်း ကြုံတွေ့နေရပါတယ်။ မျိုးဗီဇပြောင်းလဲသွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်မှုတွေ တိုးလာတယ်လို့ အာဏာပိုင်တွေက သံသယဝင်နေပါတယ်။ အခုဆိုရင် တောင်အာဖရိကမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁ သန်းနီးပါး ရှိလာပြီလို့  ရိုက်တာက ဖော်ပြပါတယ်။
4 months Ago

March 14, 2020

မုန်တိုင်းဒဏ်ခံ အာဖရိက ၃ နိုင်ငံရှိ လူ ၂ သန်းအတွက် စားနပ်ရိက္ခာများ လိုအပ်ဆဲ

အာဖရိကအရှေ့ပိုင်းနိုင်ငံ ၃ ခုကို ဆိုင်ကလုန်း အိုင်ဒေး ဝင်ရောက်တာ မတ်လ ၁၄ ရက်ဆို တနှစ်ပြည့်သွားပြီ ဖြစ်ပေမဲ့ မုန်တိုင်းဒဏ်ခံ လူ ၂ သန်းအတွက် စားနပ်ရိက္ခာတွေ လိုအပ်ဆဲပဲလို့ သိရပါတယ်။ ဆိုင်ကလုန်း အိုင်ဒေးဟာ မိုဘမ်ဘစ်၊ ဇမ်ဘီယာနဲ့ ဇင်ဘာဘွေနိုင်ငံတွေကို ဝင်ရောက်ခဲ့ပြီး မိုဇမ်ဘစ်နိုင်ငံ ဘေးရာဆိပ်ကမ်းဟာ ဆိုင်ကလုန်းဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရတာပါ။ တနှစ်ပြည့်ပြီဖြစ်ပေမယ့်လည်း လူပေါင်းထောင်ချီပြီး ယာယီစခန်းတွေမှာ နေထိုင်ရဆဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အဘိုးအို ဗတ်စ်ကိုဂတ်စ်ပါလည်း အပါအဝင် ဖြစ်ပြီး ဘေးရာဆိပ်ကမ်းကနေ မိုင် ၄၀ အကွာ နာမာတန်ဒါခရိုင်က ယာယီစခန်းမှာ တယောက်တည်း နေထိုင်နေပါတယ်‌။ မုန်တိုင်းကျတုန်းက နံရံပိပြီး ရခဲ့တဲ့ဒဏ်ရာကြောင့် အခုအခါ ထော့နဲ့ ထော့နဲ့ လမ်းလျှောက်နေရတာပါ။ အဘိုးအို ဂတ်စ်ပါအနေနဲ့ လစဉ် ရိက္ခာရရှိရမှာ ဖြစ်ပေမယ့် တခါတလေ ရိက္ခာနောက်ကျတတ်တယ်လို့ သူက ပြောပါတယ်။ မိုဇမ်ဘစ်အစိုးရဟာ ယာယီစခန်းကို အမြဲအခြေချနေရာ ပြောင်းဖို့ စီစဉ်ထားပါတယ်။ လောလောဆယ်မှာတော့ မုန်တိုင်းသင့် ပြည်သူတွေဟာ တဲတွေ၊ ယာယီစခန်းတွေမှာ နေနေရပြီး ကိုယ့်စိုက်ခင်းတွေမှာ သီးနှံတွေ စိုက်ပျိုးနေရပါတယ်။ မိုဇမ်ဘစ်နိုင်ငံမှာ လူတသိန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်လို့လည်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများ အဖွဲ့က ၂၀၁၉ ဒီဇင်ဘာလမှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် လူ နှစ်သန်းဟာ စားနပ်ရိက္ခာအကူအညီ လိုအပ်နေပြီး သူတို့အားလုံးရရှိအောင် ကြိုးပမ်းနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ပြောခဲ့ပါတယ်။
1 year Ago
More News
Up