ဇင်ဘာဘွေစစ်တပ် နိုင်ငံပိုင်ရုပ်သံဌာနကို သိမ်းပိုက်၊ အာဏာသိမ်းသည့်သတင်း ထွက်ပေါ်

November 15, 2017

ဇင်ဘာဘွေစစ်တပ် နိုင်ငံပိုင်ရုပ်သံဌာနကို သိမ်းပိုက်၊ အာဏာသိမ်းသည့်သတင်း ထွက်ပေါ်

ဇင်ဘာဘွေနိုင်ငံမှာ စစ်တပ်က နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနကို စီးနင်းထားလိုက်ပြီး  သက်တမ်းရှည် အာဏာရှင် သမ္မတ မူဂါဘီဆီကနေ အာဏာသိမ်းယူလိုက်တဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ နိုင်ငံပိုင်ရုပ်သံကနေ ဇင်ဘာဘွေစစ်တပ် ဗိုလ်ချုပ်ကြီးတယောက်က ကြေညာချက်ကို ထုတ်လွှင့်ဖတ်ကြားရာမှာတော့ အာဏာသိမ်းတာမဟုတ်ဘူးလို့ ငြင်းဆိုထားပြီး မူဂါဘီဟာ လုံခြုံတဲ့နေရာမှာ ရှိနေတဲ့အကြောင်းနဲ့ ဘယ်နေရာမှာရှိနေလဲ ဆိုတာကိုတော့ ပြောဆိုခြင်း မရှိပါဘူး။ အခုအခါမှာ ဇင်ဘာဘွေနိုင်ငံရဲ့ မြို့တော် ဟရာရေမှာ စစ်သားတွေကို တပ်ဖြန့်နေရာယူထားပြီး မြို့ မြောက်ပိုင်း နေရာတချို့မှာ သေနတ်သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။ အသက် ၉၃ နှစ်အရွယ် အာဏာရှင် မူဂါဘီရဲ့ ပါတီက စစ်တပ်ခေါင်းဆောင်ပိုင်းကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွပ်စွဲအပြီး ဇင်ဘာဘွေစစ်တပ်ဟာ အခုလို တပ်ဖြန့်လှုပ်ရှားခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒု-သမ္မတ အီမာဆန်မန်နန်ဂါဝါကို မူဂါဘီက ရာထူးကနေ ဖယ်ရှားလိုက်ပြီးနောက် စစ်တပ်က ခုလိုလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဇင်ဘာဘွေအခြေစိုက် အမေရိကန်သံရုံးကတော့ ဝန်ထမ်းတွေနဲ့ အမေရိကန်နိုင်ငံသားတွေ မိမိတို့နေအိမ်မှာသာ နေထိုင်ကြဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်တဲ့ အမေရိကန်သံအမတ်ကြီးရဲ့ ထုတ်ပြန်ချက်မှာ နောက်ထပ် သတိပေးချက် မထုတ်ပြန်မချင်း ဇင်ဘာဘွေမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေ ကိုယ်နေထိုင်ရာ နေရာမှာပဲ နေကြဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် သံရုံးကိုလည်း နိုဝင်ဘာ ၁၅ ရက်မှာ ပိတ်ထားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
4 years Ago
Up