ဇင်ဘာဘွေနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒေးကြောင့် မတ်လ ၂၁ ရက်နေ့အထိ သေဆုံးသူ ၁၃၉ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ ချီမာနီမာနီခရိုင်မှာ နောက်ထပ် အလောင်းနှစ်လောင်း တွေ့ရပြီးနောက် အခုလို သေဆုံးသူ မြင့်တက်လာတာပါ။
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က မုန်တိုင်းဒဏ်သင့် ဒေသခံတွေကို စားနပ်ရိက္ခာ ထောက်ပံ့ရေး ပူးပေါင်းကူညီနေပြီး ဇင်ဘာဘွေပြည်သူ နှစ်သိန်းဟာ လာမယ့် ၃ လအထိ အရေးပေါ် စားနပ်ရိက္ခာ အကူအညီ လိုအပ်မယ်လို့ ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒေးဟာ လေတိုက်နှုန်း တနာရီ ၁၀၅ မိုင်နှုန်းအထိ ရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်က မိုဇမ်ဘစ်နိုင်ငံ ဘေယာမြို့ကို ဝင်ရောက်ခဲ့တာပါ။ အဲဒီနောက် ဇင်ဘာဘွေနဲ့ မာလာဝီနိုင်ငံကို ဆက်လက်ဝင်ရောက်ခဲ့ပါတယ်။
မိုဇမ်ဘစ်နိုင်ငံမှာ ဆိုင်ကလုန်းကြောင့် မိုးကြီးပြီး မြစ်နှစ်စင်း ရေကြီးရေလျှံခဲ့ပါတယ်။ ရေလွှမ်းဧရိယာ ကြီးမားပြီး မတ်လ ၂၀ ရက်နေ့က အကျယ်အဝန်း ၈၃၅ စတုရန်းမိုင်အထိ ရေလွှမ်းခဲ့တယ်လို့ ကုလသမဂ္ဂ ဂြိုဟ်တုဓာတ်ပုံ အေဂျင်စီက ပြောပါတယ်။
ဇင်ဘာဘွေနိုင်ငံမှာ မုန်တိုင်းမဝင်ရောက်မီကတည်းက ပြည်သူ ၅ ဒသမ ၃ သန်းကော်ျ စားနပ်ရိက္ခာ ပြတ်လတ်မှုဒဏ် ကြုံတွေ့နေရတယ်လို့ ခရစ်ယာန် ပရဟိတအဖွဲ့အစည်း အကြီးအကဲက ပြောပါတယ်။
2 years Ago