ဆန္ဒပြမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိပေမယ့် ဇန်န၀ါရီ ၂၀ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုမယ့် သမ္မတသစ် ဒေါ်နယ်ထရမ့်အတွက် မြို့တော် ၀ါရှင်တန် ဒီစီမှာ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတာဝန်ရှိသူတွေက ဇန်န၀ါရီ ၆ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဝါရှင်တန်-ဒီစီမြို့တော်ဝန် မြူရီယယ်လ် ဘောင်းဆားက “၀ါရှင်တန် ဒီစီဟာ ပြည်ထောင်စုအစိုးရ ရုံးစိုက်ရာ အမေရိကန်ရဲ့ မြို့တော်ဖြစ်ပါတယ်။ ၄ နှစ်တကြိမ်ကျရောက်တဲ့ ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းရေး ကာလတိုင်းမှာ လူတိုင်းလုံခြုံမှုရှိဖို့အတွက် ကျမတို့အစိုးရက အချိန်ပို အလုပ်လုပ်ကြရပါတယ်” လို့ ပြောကြားသွားပါတယ်။
ဝါရှင်တန်ဒီစီဆိုင်ရာ ပြည်တွင်း လုံခြုံရေးဌာနညွန်ကြားရေးမှူး ခရစ်ဂဲလ်ဒတ်ကလည်း “၀ါရှင်တန်ကိုလာကြမယ့် လူတဦးချင်းအတွက်ရော အုပ်စုလိုက်အတွက်ရော ရဲတွေအားလုံး နေ့စဉ်အလုပ်လုပ်နေကြပါတယ်။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က လူတွေအားလုံး သူတို့အခွင့်အရေးကို ငြိမ်းချမ်းစွာ ဥပဒေဘောင်ထဲကနေ လာရောက်ပြသနိုင်အောင် လုပ်ဆောင်ပေးဖို့၊ ပွဲပြီးသွားတဲ့အခါ လုံခြုံဘေးကင်းစွာ အိမ်ပြန်နိုင်ဖို့ ဖြစ်ပါတယ်” လို့ ရှင်းပြသွားပါတယ်။
မကြာခင် ကျင်းပမယ့် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို လူဦးရေ ၉ သိန်း လောက် လာရောက်နိုင်တယ်လို့ အမေရိကန်ရဲတပ်ဖွဲ့က မျှော်လင့်ထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
6 years Ago