ဆန္ဒပြသူနာပြုများကို အရေးယူမည်ဟု

March 17, 2017

ဆန္ဒပြသူနာပြုများကို အရေးယူမည်ဟု ပြောဆိုသည့်အပေါ် ကန့်ကွက်

သူနာပြုတွေ ဖိနှိပ်ခံရတယ်လို့ ဆိုပြီး ရန်ကုန်မြို့မှာ မတ်လ ၁၅ ရက်နေ့က လှည့်လည်ဆန္ဒပြခဲ့ကြတဲ့ သူနာပြု  ကျောင်းသူ ကျောင်းသားတွေကို အရေးယူသွားမယ်လို့  မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥက္ကဋ္ဌ ဒေါက်တာဒေါ်ဖြူဖြူက ပြောဆိုလိုက်တဲ့အပေါ် သူနာပြုတက္ကသိုလ်ကျာင်းသားများသမဂ္ဂက ကန့်ကွက်လိုက်ပါတယ်။ မနေ့ မတ်လ ၁၆ ရက်နေ့က  ပြုလုက်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ   မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥက္ကဋ္ဌ ဒေါက်တာဒေါ်ဖြူဖြူက “ဆန္ဒပြကျောင်းသားကျောင်းတွေကို သူတို့ ပါဝင်ပတ်တသက်မှု အတိမ်အနက်ပေါ်မူတည်ပြီး ကျောင်းထုတ်သည့်အထိ အရေးယူသွားမည်” လို့ ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိပါးစော်ကားရုံသာမက နိုင်ငံသားနှင့် နိုင်ငံသားအခွင့်အရေးနဲ့ တာဝန်တွေကို မထီမဲ့မြင်ပြုရာရောက်နေတယ်လို့ သူနာပြု တက္ကသိုလ်ကျောင်းသား များသမဂ္ဂရဲ့ ထုတ်ပြချက်မှာ ဖော်ပြပါတယ်။ သူနာပြုတက္ကသိုလ် ကျောင်းသားများသမဂ္ဂ စတုတ္ထနေ့ အတန်းကိုယ်စားလှယ် မအေးမိစံက  “ကျမတို့ အခု ဒီလိုလုပ်နေတာတွေ ထုတ်ပြန်ချက်တွေ ထုတ်တာ အကုန်လုံးက နိုင်ငံတော်အစိုးရကို ဆန့်ကျင်ဆန္ဒပြတာလည်း မဟုတ်ပါဘူး။ ပြီးတော့ နိုင်ငံ့တာဝန်ကို မထမ်းဆောင်ချင်လို့လည်း မဟုတ်ပါဘူး။ နိုင်ငံတာဝန်ကို အကျိုးရှိရှိနဲ့ လိုင်စင်ကိုင်ဆောင်ပြီးတော့ ပြည်သူကို စောင့်ရှောက်မှုပေးချင်တဲ့အတွက်ကြောင့်ပါ” လို့ ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၁၅ ရက်နေ့က ပြုလုပ်တဲ့ ဆန္ဒပြပွဲဟာ နိုင်ငံတော်အစိုးရကို ရည်ရွယ်ခြင်း မဟုတ်ဘဲ ဖိနှိပ်မှုများနှင့် အဓိက သက်ဆိုင်သည့် ကုသရေးဦးစီးဌာနကိုသာ ရည်ရွယ်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လက်ရှိသူနာပြုရပ်ဝန်းမှာ ဖိနှိပ်ခံရမှုတွေနဲ့ပတ်သက်ပြီး ရန်ကုန်သူနာပြုတက္ကသိုလ်သမဂ္ဂမှ ဦးဆောင်ပြီး  မြန်မာပြည်ရဲ့ ကျန်းမာရေးစနစ် လုံခြုံမှုမရှိတဲ့အကြောင်း ပိုစတာတွေကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ လှည့်လည်ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သူနာပြုတက္ကသိုလ် ၂ ခုနဲ့ သူနာပြုနဲ့ သားဖွား သင်တန်းကျောင်းပေါင်း ၅၀ ကနေ သူနာပြုတွေ မွေးထုတ်ပေးနေပြီး လက်ရှိမှာ သင်တန်းသားပေါင်း ၉၉၀၀ ကျော် တက်ရောက်နေပါတယ်။
5 years Ago
Up