ဆန္ဒပြမှုများဖြင့် ရင်ဆိုင်နေရ

April 19, 2018

လန်ဒန်မြို့ရောက် အိန္ဒိယဝန်ကြီးချုပ် ဆန္ဒပြမှုများဖြင့် ရင်ဆိုင်နေရ

ဗြိတိန်အစည်းအဝေးတက်ရောက်ဖို့ လန်ဒန်မြို့ကို ဧပြီ ၁၈ ရက်နေ့က ရောက်ရှိခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီဟာ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာနဲ့ ပတ်သက်ပြီး ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မိုဒီကို လန်ဒန်မှာ ဆန္ဒပြခဲ့ကြတာပါ။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေနဲ့ တွေ့ဆုံဖို့ ရောက်ရှိလာတဲ့ မိုဒီကို ဒေါင်းနင်းလမ်းနဲ့ လွှတ်တော်အပြင်ဘက်မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ မိုဒီကို ထောက်ခံကြသူတွေကလည်း ဓနသဟာယနိုင်ငံ အစိုးရခေါင်းဆောင်များ အစည်းအဝေးပွဲကျင်းပရာ QE II အဆောက်အဦရှေ့မှာ မိုဒီကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “ကျနော်တို့ဟာ အိန္ဒိယက ဇာတ်နိမ့် ဟိန္ဒူလူမျိုးစုတွေနဲ့ တပေါင်းတစည်းတည်း ရှိပါတယ်။ အိန္ဒိယဝန်ကြီးချုပ်ကို ကျနော်တို့ အသိပေးချင်တာကတော့ အိန္ဒိယက ဇာတ်နိမ့်လူမျိုးစုပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ မြင့်တက်လာတာကို ကျနော်တို့ အရမ်းအရမ်းကို စိတ်ဆိုးပါတယ်” လို့ မိုဒီကို ဆန့်ကျင်ဆန္ဒပြသူတဦးက ပြောသွားပါတယ်။ မိုဒီကို ထောက်ခံဆန္ဒထုတ်ဖော်သူတဦးကတော့ “ကျမတို့ရဲ့ လေးစားရပါသော ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ဗြိတိန်ကို ရောက်ရှိနေတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ကျမတို့ သူ့ကို ကြိုဆိုဂုဏ်ပြုဖို့ ရောက်လာတာပါ။ သူ့အတွက် ကျမတို့ ဂုဏ်ယူပါတယ်။ သူဟာ ခေါင်းဆောင်ကောင်းတယောက်ပါ” လို့ ပြောပြသွားပါတယ်။ ဝန်ကြီးချုပ် မိုဒီဟာ ဓနသဟာယနိုင်ငံ အစိုးရခေါင်းဆောင်များ အစည်းအဝေးပွဲကို တက်ရောက်ဖို့ လန်ဒန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ အခုအစည်းအဝေးပွဲဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် အဖြစ်ကနေ ဗြိတိန် နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဓနသဟာယနိုင်ငံတွေကြား ဆက်သွယ်မှုကို မြှင့်တင်နိုင်ရေး ရည်ရွယ်ပြီး ဗြိတိန်က ကြီးမှူးကျင်းပတဲ့ အစည်းအဝေးပွဲတခု ဖြစ်ပါတယ်။
3 years Ago
Up