ဆွာရက်

September 28, 2020

အသင်းသစ်အတွက် သွင်းဂိုး ၂ ဂိုးနှင့်အတူ စံချိန်သစ်များရခဲ့သည့် ဆွာရက် (ရုပ်သံဟိုက်လိုက်)

တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ အက်သလက်တီကိုအသင်းနဲ့ ဂရန်နာဒါတို့ပွဲစဉ်မှာ တိုက်စစ်မှူး လူးဝစ္စ ဆွာရက်ဟာ အသင်းသစ်အတွက် သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။  ဒီပွဲမှာ အက်သလက်တီကိုအသင်းက ၆ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တာပါ။ ဆွာရတ်ဟာ အက်သလက်တီကိုအသင်းကို ပြီးခဲ့တဲ့ကြာသာပတေးနေ့ကမှ ယူရို ၆ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။  အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ အခုပွဲရဲ့ မိနစ် ၇၀ မှာ ဒီယေဂို  ကော်စတာနဲ့ လူစားလဲခဲ့ပြီး အသင်းသစ်အတွက်ပွဲဦးထွက်ခဲ့ပါတယ်။  ဆွာရက်ဝင်ရောက်ချိန်မှာ အသင်းဟာ ၃ ဂိုးပြတ်နဲ့အနိုင်ရရှိထားပြီး ဥရုဂွေးတိုက်စစ်မှူးက ကွင်းထဲရောက်ပြီး ၂ မိနစ်အကြာမှာတင် မာကို့စ်လော်ရန်တေးအတွက် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။  အဲ့ဒီနောက်မှာ ဆွာရက်ကြောင့် ပင်နယ်တီတစ်လုံးရရှိခဲ့ပေမဲ့ VAR ဆုံးဖြတ်ချက်နဲ့ ပယ်ဖျက်ခံခဲ့ရပါတယ်။  ဆွာရက်ဟာ လော်ရန်တေးရဲ့ဖြတ်တင်ဘောကနေ အသင်းသစ်အတွက် ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီးအချိန်ပိုမှာလည်း ဗီတိုလိုနဲ့ ဝမ်းတူးရိုက်ကာ ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။  ဒီသွင်းဂိုးတွေကြောင့် ဆွာရက်ဟာ ၂၁ ရာစုအတွင်း အက်သလက်တီကိုအသင်းအတွက် ပွဲဦးထွက်မှာတင် ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်သာမက ပွဲဦးထွက်မှာတင် ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။  ဘာစီလိုနာအသင်းမှာ ၆ နှစ်ကြာ ကစားခဲ့တဲ့ ဆွာရတ်ဟာ နည်းပြသစ်ကိုးမန်းကြောင့် အက်သလက်တီကိုအသင်းကို ရောက်ရှိလာသူဖြစ်ပြီး အသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။  ကိုးမန်းဟာ သူ့ရဲ့အနာဂတ်အစီစဉ်တွေမှာ ဆွာရက်ကို ထည့်သွင်းထားခြင်းမရှိတာကြောင့် ဆွာရက်ဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့ရတာလို့ သတင်းတွေမှာဖော်ပြပါတယ်။ 
8 months Ago

March 5, 2020

ဆွာရက် မရှိချိန် မက်ဆီ ကူရာမဲ့နေဟု ရီဗယ်ဒို ပြော

ဘာစီလိုနာအသင်းရဲ့ ဂိုးဖန်တီးမှုအပိုင်းမှာ မက်ဆီဟာ ကူကယ်ရာမဲ့နေတယ်လို့ ဂန္ထဝင်ကစား သမားကြီး ရီဗယ်ဒိုက သုံးသပ်ပြောပါတယ်။  ပြီးခဲ့တဲ့ အယ်လ်ကလက်စီကို ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ အစဉ်အလာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပြီး အဆင့် ၁ နေရာကို ဖယ်ပေးလိုက်ရပါတယ်။  ဒီပွဲစဉ်မှာ ဆက်တီယန်အသင်းဟာ ဂိုးသွင်းဖို့ ပျက်ကွက်ခဲ့ပြီး မက်ဆီလည်း ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ ဘရာဇီးလက်ရွေးစင်ဟောင်း ရီဗယ်ဒိုက ဘာစီလိုနာအသင်းရဲ့ ပြိုင်ဘက် final third ဇုန်အတွင်း ကစားပုံဟာ စိုးရိမ်စရာ အခြေအနေကို ရောက်ရှိနေတယ်လို့ ပြောပါတယ်။ “ပုံမှန်ဆိုရင် မက်ဆီအတွက် နေရာလွတ်အနည်းငယ် ရရှိလေ့ရှိတယ်။ သူဟာ ဘာစီလိုနာ အသင်းအတွက် ပွဲအဖြေကို ပြောင်းလဲပေးသူပါ။ ဒီနေရာမှာ ဘာစီလိုနာ ဘယ်ကစားသမားကမှ သူ့ကို မကူပေးနိုင်ကြပါဘူး။ ဒီအခြေအနေကြောင့် မက်ဆီဟာ အခက်အခဲ ကြုံတွေ့နေရတာပါ။ လူးဝစ္စဆွာရက်မရှိတာ ဘာစီလိုနာအသင်းအတွက် ဆုံးရှုံးမှု တော်တော်လေး ကြီးမားစေခဲ့ပါတယ်။ ဆွာရတ် ဒဏ်ရာရချိန်မှာ ပြိုင်ဘက်ကို အံ့အားသင့်သွားအောင် ပြုလုပ်ဖို့ မက်ဆီတယောက်ကလွဲပြီး တခြား ဘယ်ကစားသမားကမှ မစွမ်းဆောင်နိုင်သေးပါဘူး။ အခုချိန်မှာ ဘာကာအသင်းဟာ ဆွာရက်ကို လွမ်းဆွတ်နေမှာ ဖြစ်ပြီး သူ မရှိချိန်မှာ တာဝန်အကုန်လုံးက မက်ဆီအပေါ်ကို ပုံကျလာပါတော့တယ်။ အသင်းရှုံးရင် အားလုံးက မက်ဆီ ဘာဖြစ်နေလဲဆိုပြီး ဝိုင်းလက်ညှိုးထိုးကြပါတယ်။ သူဟာ အသင်းရလဒ်မကောင်းရင် ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရတဲ့ ကစားသမား ဖြစ်ပြီး ဒီအခြေအနေက သူ့အတွက် မတရားပါဘူး။” ဘာနေဗျူးမှာ အနိုင်မယူနိုင်ခဲ့တဲ့အတွက် ဘာစီလိုနာအသင်းဟာ ပေးဆပ်မှု ကြီးကြီးမားမားနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ရီဗယ်ဒိုက ယုံကြည်နေပါတယ်။ “ဘာနေဗျူးမှာ ရှုံးနိမ့်ခဲ့မှုအတွက် ဆတ်တီယန်ရဲ့ ကစားသမားတွေအနေနဲ့ ဒီရာသီရဲ့အရေးပါတဲ့ အခွင့်အရေးတခုကို ဖြုန်းတီးမိပြီလို့ ခံယူသင့်ပါတယ်။ သူတို့အသင်းဟာ ပထမပိုင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသင်းဖြစ်သင့်ပါတယ်။ ဒီလိုဆိုရင် နှစ်သင်းစလုံးရဲ့ ပွဲအပေါ်ချဉ်းကပ်ပုံတွေက ပြောင်းလဲသွားနိုင်ပါတယ်” လို့လည်း သူက သုံးသပ်ခဲ့ပါတယ်။
1 year Ago
Up