ဆွမ်းကပ်လှူပွဲ

July 27, 2021

မြိုင်ကြီးငူတွင် ကိုဗစ်ကာလ ထီးတင်ပွဲနှင့် သံဃာ ၁၀၀၀ ဆွမ်းကပ်လှူပွဲကျင်းပ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ ကျောက်စာကွင်းမှာ မုခ်ဦး ထီးတော်တင်ပွဲနဲ့ သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများပြားနေချိန် မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇနရဲ့ သက်တော် ၇၃ နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာကို ရည်စူးပြီး မုခ်ဦး ထီးတော်တင်ပွဲနဲ့ သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ပြုလုပ်ခဲ့တာပါ။

မြိုင်ကြီးငူ ဒေသခံတစ်ဦးက "အခုဘုရားပွဲကလည်း တိုက်အုပ် ဆရာတော်လုပ်တာဆိုတော့ သေသေချာချာတော့ မသိဘူး။ အခုကာလမှာ ဘာပွဲမှ မလုပ်တာ အကောင်းဆုံးပဲ။ ဖြစ်ရင် ကိုယ်ပဲခံရမှာ ဘယ်သူမှ လာမခံပေးဘူး"လို ဆိုပါတယ်။

လက်ရှိမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကနဲ့ ဒေသခံရွာလူကြီးတွေက ဦးဆောင်ပြီးပွဲပြုလုပ်ခဲ့တာဖြစ်ပြီး ဆွမ်းကပ်လှူဒါန်းပွဲကို ဒေသခံ ၃၀၀ လောက် အနည်းဆုံးတက်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြိုင်ကြီးငူအထူးဒေသမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၀ ယောက်လောက်ရှိပြီး  ဆေးရုံရှိ ကျန်းမာ ရေးဝန်ထမ်းတွေနေအိမ်မှာ ကွာရန်တင်း အကုန်ဝင်နေရတယ်လို့ ကျေးရွာတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ ၂၀၀၀ လောက်ရှိပြီ သေဆုံးသူ ၇၀ ကျော်ရှိကာ ကူးစက်ခံထားရပြီး အတည်မပြုရသေးတဲ့လူနာတွေ အများအပြားရှိနေတယ်လို့  တာဝန်ရှိသူက ပြောပါတယ်။

4 months Ago
Up