ဆွံ့အနားမကြား

March 29, 2018

သားဖြစ်သူအား ၁၀ စုနှစ်ကျော်ကြာ သံကြိုးခတ်ထားသည့် မိခင် (ရုပ်သံ)

ဆွံအနားမကြား သားဖြစ်သူကို မိခင်က ကျောက်တုံးနဲ့ ဆောက်ထားတဲ့ တဲတခုတည်းမှာ ၁၀ စုနှစ်ကျော်ကြာ သံကြိုးခတ်ထားတဲ့ ကြေကွဲဖွယ်ရုပ်သံ ထွက်ပေါ်လာပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ ဟနန်းပြည်နယ်၊ ဒန်ဖန်မြို့မှာ ဖြစ်ခဲ့ပြီး အခုအချိန်မှာ အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ဝန်ရှီကွင်းဟာ မွေးကတည်းက စကားမပြော၊ နားမကြားဘဲ မွေးလာခဲ့တာလို့ အသက် ၇၇ နှစ်အရွယ် မိခင်ဖြစ်သူ ယူရွန်းက ပြောပါတယ်။ ဒါပေမယ့် ကလေးက စာသင်လို့ရမယ့် အရိပ်လက္ခဏာပြလို့ မိသားစုက အထူးဘော်ဒါဆောင်ကျောင်း ပို့ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းမှာ အနိုင်ကျင့်ခံရတဲ့အတွက် အဲဒီအချိန်တွေက စိတ်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဝန်ရှီကွင်းမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ပိုဆိုးလာပြီး ဆင်းရဲနွမ်းပါးတဲ့ မိသားစုကလည်း သူ့ရဲ့ ပိုဆိုးလာတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာကို ကုမပေးနိုင်ခဲ့ပါဘူး။ မိခင်ဖြစ်သူက “အိမ်မှာနေရင်း သူ့အခြေအနေ ပိုဆိုးလာလို့ သူ နောက်ထပ် ကျောင်းမတက်နိုင်တော့ဘူး။ တခါဆို ရွာသားတွေက သူ့ကို ဝိုင်းရိုက်ကြတယ်” လို့ ပြောပြီး သူမခင်ပွန်း ကွယ်လွန်ချိန်မှာ ရှီကွင်းကို ထိန်းသိမ်းဖို့ ခက်လာလို့ သံကြိုးတွေနဲ့ ခတ်ထားတာလို့ ရှင်းပြပါတယ်။ “သူ့အဖေ အသက်ရှိတုန်းကတော့ အဖေက သူ့ကို ကြည့်တယ်လေ။ လွန်ခဲ့တဲ့ ၁၂ နှစ် သူ့ဖခင် ဆုံးပြီးသွားကတည်းက ကျမလည်း သူ့ကို မထိန်းနိုင်တော့ဘူး။ ကျမမှာ တခြားရွေးချယ်စရာလည်း မရှိလို့ သူ့ကို အခန်းတခုထဲ ၁၀ နှစ်ကျော်ကြာ သံကြိုးခတ်ထားတာပါ” လို့ မိခင်ဖြစ်သူက ပြောပါတယ်။ အသက် ၅၀ အရွယ်ရှိ ရှီကွင်းရဲ့ အမဖြစ်သူကလည်း မောင်ဖြစ်သူရဲ့ တိရစ္ဆာန်တကောင်လို အခြေအနေကြောင့် အမြဲငိုရတယ်လို့ ပြောပြီး “မောင်လေးအစား ကျမသာ သံကြိုးခတ်ခံလိုက်ချင်တယ်” လို့ ပြောပါတယ်။ ရွာရဲ့ ပါတီအတွင်းရေးမှူးလည်းဖြစ်တဲ့ ရှီကွင်းရဲ့အမက “မောင်လေးငယ်ငယ်က ဆွံအနားမကြားပေမယ့် ဉာဏ်ကောင်းတယ်။ အထူးဘော်ဒါကျောင်းက ပြန်လာပြီး စိတ်ရောဂါပြဿနာ ဖြစ်လာတော့ ကျမတို့လည်း သူ့ကို နည်းနည်းပဲ ပြုစုပေးနိုင်တယ်။ ဒါ တကယ်ကို ကြေကွဲစရာပါ” လို့ ပြောပါတယ်။ အစိုးရက လစဉ် ထောက်ပံ့ကြေးပေးပေမယ့် ရှီကွင်းကို စိတ်ရောဂါဆေးရုံ ပို့ပြီး ကုသဖို့ ရပ်ရွာကလူတွေလည်း ဝိုင်းဝန်းကူညီမယ်လို့ မျှော်လင့်ကြောင်း မေရာသတင်းမှာ မတ်လ ၂၈ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up